ညောင်ဦး အောက်တိုဘာ ၆
ကိုဗစ်-၁၉ ကာလအလွန် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် လာရောက်ကြမည့် ခရီးသွားပြည်သူများနှင့် ငှက်ချစ်သူများ၊ ရှားပါးငှက် လေ့လာချင်သူများအတွက် ကမ္ဘာတွင် မြန်မာနိုင်ငံ၌သာရှိသည့် မြန်မာ့ဒေသမျိုးရင်း စွေ့ငှက်၊ ဘီလုံးငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊ နဖားကြူးအမြီးဝိုင်း၊ ငှက်လက်မမြီးရှည်ညို အစရှိသော ရှားပါးငှက် ကိုးမျိုးကို ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် ခရီးစဉ်တွင် လေ့လာနိုင်ပြီး ကျန်ရှားပါးမျိုးစိတ် ငှက်နှစ်မျိုးဖြစ်သည့် မျက်ခုံးဖြူ ငှက်ပြာခြောက်နှင့် မြန်မာ့တစ်ငှက်တို့ကို ချင်းပြည်နယ်(တောင်ပိုင်း)၊ နတ်မတောင် အမျိုးသားဥယျာဉ်တွင် လေ့လာနိုင်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်ထံမှ သိရသည်။
ဘီလုံးငှက်သည် လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်အတွင်း အမြဲနေထိုင်ကျက်စားလေ့ရှိပြီး အစားအစာပေါများခြင်း၊ လုံခြုံမှုရှိသည့်အတွက် အကောင်ရေ တိုးပွားလာကြောင်းသိရသည်။ ဥယျာဉ်တစ်ခုလုံး အနှံ့အပြားတွေ့ရတတ်သော်လည်း ချုံပင်များပေါသော ကွင်းပြင်နေရာတွင် အများဆုံး ကျက်စားကာ၊ အသိုက်လုပ် ဥအုခြင်းများကို ပြုလုပ်လေ့ရှိသည်။ လူများ၊ လူနေအိမ်များနှင့် အဝေးတွင် ကျက်စားနေထိုင်ကြကြောင်း၊ ဓာတ်ကြိုးတန်းများပေါ်နှင့် သစ်ပင်ထိပ်ဖျားတို့တွင် နားနေတတ်ကြောင်း၊ မိုးရွာခါနီး အချိန်တိုင်း ၎င်းတို့သဘာဝအလျောက် လေဟုန်စီး၍ မြူးတူးပျော်ပါးကြကြောင်း သိရသည်။ ဒေသခံများက မိုးခေါ်ငှက်ဟုလည်း ခေါ်ဆိုကြသည်။ ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးသည် လောကနန္ဒာဘေးမဲ့တောဥယျာဉ်အတွင်းနှင့် ပုဂံမြို့ပတ်ဝန်းကျင်ကို ၂၀၁၆ ခုနှစ်မှစ၍ လေးနှစ်ကြာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လေ့လာသုတေသန စာတမ်းပြုစုကာ ဒေါက်တာဘွဲ့ရယူခဲ့ကြောင်း၊ လေ့လာတွေ့ ရှိချက်အရ ဥယျာဉ်ပြင်ပ၌ လေ့လာခဲ့ရာတွင် စွေ့ငှက်ကောင်ရေ ၉၀၀မှ ၁၀၀၀ ကြားရှိနိုင် ကြောင်းနှင့် ဥယျာဉ်အတွင်း အကောင်ရေ ၃၀ မှ ၅၀ ကြား တွေ့ရှိရကြောင်း သိရသည်။
စွေ့ငှက်သည် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း အမြဲ နေထိုင်ကျက်စားလေ့ရှိကာ အစာရေစာပေါများပြီး လုံခြုံမှုရှိခြင်းကြောင့် အကောင်ရေတိုးပွားလာခဲ့ကာ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များအနီးသို့ပင် လာရောက်ကျက်စား နေထိုင်ကြကြောင်း သိရသည်။ ဦးရွှေဌေးအောင်နှင့် ဝန်ထမ်းများ ကွင်းဆင်းလေ့လာချက်အရ စွေ့ငှက်ကောင်ရေ ၅၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ် မှ ဆရာမတစ်ဦး လေးနှစ်ကြာ သုတေသနပြု၍ ဒေါက်တာဘွဲ့ယူခဲ့ကြောင်းလည်း သိရကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။
ငှက်မင်းသားဝမ်းဖြူသည် လောကနန္ဒဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်းဒေသအတွင်း အမြဲနေထိုင် ကျက်စားလေ့ရှိကြောင်း၊ ကွင်းပြင်များတွင်လည်း အများဆုံးတွေ့ရ သည့်ငှက်ဖြစ်ကာ လူနှင့် လူနေအိမ်များ အဝေးတွင် နေထိုင်ကျက်စားကြကြောင်း သိရသည်။ ခြောက်ကောင်အုပ်၊ ရှစ်ကောင်အုပ်၊ အုပ်လိုက် ကျက်စားနေထိုင်ကြကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။
ချိုးလင်းပြာသည် ဥယျာဉ်အတွင်း အနှံ့အပြားတွေ့ရပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းလည်း တွေ့ရှိ နိုင်သည်။ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များအနီးသို့ပင် လာရောက်ကျက်စားနေထိုင် ကြကြောင်း၊ စုံတွဲနေထိုင်သည့်ကို အများဆုံးတွေ့ရပြီး၊ ၎င်းနှင့်အတူ အခြားချိုးအမျိုးအစား သုံးမျိုးဖြစ်သည့် ချိုးပိန်တူး၊ ချိုးနီပု၊ ချိုးလည်ပြောက်တို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြ ကြောင်းသိရသည်။
ဧရာဝတီဗွတ်ချွဲသည် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် တစ်ခုလုံး တွေ့ရသည်။ လူများနှင့်ယဉ်ပါးလွယ်၍ လူနေအိမ်များအနီး ငှက်သိုက်ဆောက်လုပ် နေထိုင်ကျက်စားကြသည်။ လောကနန္ဒာဥယျာဉ်ထဲတွင်ပင် အကောင်းရေ ၃၀၀ ခန့်ရှိကြောင်း သိရသည်။ ၎င်းနှင့်အမျိုးစားတူ ဗွတ် နှစ်မျိုးဖြစ်သည့် ဗွတ်ဖင်နီ၊ ဗွတ်စာမွဲတို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြသည်။ တက္ကသိုလ် ဆရာ ဆရာမများ ရှေ့ပြေးလာရောက်လေ့လာလျက်ရှိသည်။
နဖားကြူးငှက်သည် တစ်နေရာထဲတွင်နေထိုင်ကျက်စားသည့်ငှက် မဟုတ်ဘဲ ဧည့် သည်ငှက်ပမာ တွေ့ရှိတတ်ကြပြီး လောကနန္ဒာဥယျာဉ်နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် တွေ့ရှိရသည်မှာ ငါးနှစ်ခန့်လောက်ပင် ရှိသေးကြောင်း၊ စတင်တွေ့ရှိခဲ့စဉ်က နှစ်ကောင် တစ်စုံ သစ်ပင်ထိပ်ဖျားတွင် စတင်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး နောက်ဆုံး ၂၀၁၈ ခုနှစ်တွင် ခြောက်ကောင်တစ်အုပ် လာရောက်ခဲ့သည်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ငှက်လက်မမြီးရှည်သည် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် အမြဲနေနိုင်ကျက်စားခြင်းမရှိဘဲ ပြင်ပ၊ ပုဂံ-ညောင် ဦးဝန်းကျင်ရှိ လယ်ယာစိုက်ခင်းများ၊ ကိုင်းတောများ၊ မြက်တောများတွင် ဥယျာဉ်အတွင်း ငှက်စာရင်းကောက်လုပ်ငန်း ဆောင်ရွက်စဉ် ၁၀ ကောင်ထက်မပိုဘဲ ကွဲပြားစွာနေထိုင်ကျက် စားသည်ကို တွေ့ရှိရသည်။ ဥယျာဉ်အတွင်း နေထိုင်ကျက်စားသည့် ငှက်အားလုံး(၂၀၁၇ မှ ၂၀၂၀)အထိ ငှက်များကို လေ့လာ၍ ဒေါက်တာဘွဲ့ရရှိသည့် ဆရာမတစ်ဦး၏ လေ့လာသု တေသနပြုကာလများတွင် ၄-၅ ကောင်ခန့်သာ တွေ့ရှိမှတ်တမ်းတင်နိုင်ကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ကမ္ဘာအရပ်ရပ်မှ ငှက်ဝါသနာရှင်များ လာရောက် လေ့လာသည့်အခါ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိပြီး မြန်မာ့မျိုးရင်း ရှားပါးငှက်မျိုးစိတ်တွေကိုလည်း ထိန်းသိမ်းရာရောက်မည်ဖြစ်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ)တို့ ပူးပေါင်းကာ ငှက်ကြည့်ခရီးစဉ်များနှင့် ငှက်တိုးဂိုက်များစွာလည်း လိုအပ်လာမည်ဖြစ်သည်။ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အား ခရီးစဉ်ဒေသအသစ် ရှာဖွေထားခြင်းဖြင့် ကမ္ဘာ့ရှားပါး ကြယ်လိပ်များ၊ တိုက်လိပ်များနှင့် ရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးတို့အပြင် မိုးနည်းရပ်ဝန်းတွင်ရှိသည့် ဧက ၁၀၀ ကျော် ဘေးမဲ့တော ဥယျာဉ်အတွင်း၌ ကြီးမားသည့်သစ်ပင်ကြီးများ အုံ့အုံ့မှိုင်းမှိုင်း တည်ရှိနေသည်ကိုလည်း လာရောက်လေ့လာ လည်ပတ်ကြမည့်သူများ လက်တွေ့ကြည့်ရှု တွေ့မြင်နိုင်မည်ဖြစ်သည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)