မိုးညှင်း မေ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ်များဖြစ်သည့် လင်းတငှက်မျိုးစိတ်များ ကျင်လည်ကျက်စားလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လင်းတငှက်မျိုးစိတ်လေးမျိုး ကျင်လည်ကျက်စားလျက်ရှိပြီး အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၌ သုံးမျိုးကျက်စားလျက်ရှိကြောင်း၊ လင်းတငှက်များသည် ယခင်အချိန်က ပေါများစွာ ကျက်စားလျက်ရှိသော်လည်း ယခုအခါတွင် ၎င်းတို့၏ စားကျက်မြေများ ပျောက်ဆုံးမှုနှင့် လူတို့၏ သတ်ဖြတ်မှုကြောင့် ငှက်ကောင်ရေများ သိသိသာသာ ကျဆင်းလာခဲ့ကြောင်း သိရသည်။
လူတို့၏ စွန့်ပစ်အညစ်အကြေးများနှင့် ကျွဲ၊ နွားများ ခွာနာလျှာနာတွင် အသုံးပြုလျက်ရှိသော ဆေးများကြောင့် လင်းတငှက်များ သေဆုံးရကြောင်း၊ သုတေသနမှတ်တမ်းများအရ နွားပိုင်ရှင်များက နွားများ ရောဂါဖြစ်ချိန်တွင် ခွာနာ လျှာနာဆေးကို အသုံးပြုပြီး ထိုကျွဲ နွားများ သေဆုံးသည့်အခါ သေဆုံးနေသော ကျွဲနွားများကို စားသုံးသောကြောင့် လင်းတငှက်မျိုးစိတ်များ သေကြေဆုံးရှုံးရကြောင်း သိရသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကျင်လည်ကျက်စားလျက်ရှိသည့် လင်းတငှက် မျိုးစိတ်သုံးမျိုးမှာ လင်းတကျောဖြူငှက်၊ လင်းတနှုတ်သီးရှည်နှင့် ဟိမဝန္တာလင်းတငှက်တို့ဖြစ်ကြပြီး အဆိုပါ ငှက်မျိုးစိတ်များမှ ဟိမဝန္တာလင်းတငှက်မျိုးစိတ် တစ်မျိုးသာ ဆောင်းခိုငှက်မျိုးစိတ်ဖြစ်၍ ကျန်ငှက်မျိုးစိတ်နှစ်မျိုးမှာ ဒေသရင်းငှက်မျိုးစိတ်များ ဖြစ်ကြောင်း သိရသည်။
အင်းတော်ြကီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ရေပျော်ငှက်မျိုးစိတ်များကို တာဝန်ရှိသူများက စာရင်းကောက်ယူရာ၌ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဆောင်းခိုရေပျော်ငှက်မျိုးစိတ်၂၁ မျိုး၊ ကောင်ရေ ၁၆၂၉ ကောင်နှင့် ဌာနေရေပျော်ငှက်မျိုးစိတ် ၂၀၊ ကောင်ရေ ၄၅၈၆ ကောင် စုစုပေါင်း ငှက်မျိုးစိတ် ၄၁ မျိုး၊ ကောင်ရေ ၆၂၁၅ ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ရွှေမိုးညှင်း၊
ဓာတ်ပုံ-အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး