သိန်းထွန်း (IR)

 

ရာသီဥတုက တစ်နှစ်ထက်တစ်နှစ် ပိုပြီးပူလာတယ်။ အိမ်ထဲထိုင်နေတာတောင် ချွေးတွေရွှဲနေတော့ ဘယ်လိုနေရမှန်းမသိတော့ဘူး။ အပြင်ထွက်နေရတဲ့သူဆို ပိုဆိုးပေါ့။ တစ်နေ့လုံး အဲကွန်းဖွင့်နေဖို့ ဆိုပြန်တော့ ကန့်သတ်ချက်တွေကအများသား။ နေ့လယ်နေ့ခင်းအပြင်ထွက်ဖို့ အတော်သတ္တိမွေးရတယ်။ အပြင်ထွက်လိုက်ရင် အထက်မီး အောက်မီးမုန့်လိုပဲ။ ဒါပေမဲ့လည်း သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် နေပူစပ်ခါးထဲ မဖြစ်မနေထွက်နေရတာတွေလည်း ရှိတာပေါ့။ နေပူထဲ ထွက်ရပြီဆိုရင် အတော်ဂရုစိုက်ရတယ်။ အသက်ဉာဏ်စောင့်လေ။ အသက်အရွယ်ငယ်တဲ့သူဆို အတော်အတန်ခံနိုင်ရည်ရှိပေမယ့် အသက်အရွယ်ကြီးတဲ့သူတွေဆို ဒီအပူဒဏ်ကို ခံနိုင်ဖို့အခက်သား။ နှစ်တိုင်း ပိုပြီး ပူလာတော့ နေသားကျဖို့ ဘယ်လွယ်လိမ့်မလဲ။

 

တစ်လောကပဲ  သတင်းတစ်ပုဒ်ဖတ်ရတယ်။ အသက်အရွယ်ကြီးတဲ့သူတစ်ယောက် အပူလျှပ်ပြီး သေဆုံးလို့ဆိုပဲ။  စိတ်မကောင်းစရာပါ။ ခက်တာက ဒီရာသီဥတုအပူချိန်ကြီးက  တစ်ယောက်တည်း အတွက်ပဲ  ကွက်ပြီးဖြစ်နေတာမှမဟုတ်တာ။ အားလုံး ဒီလိုပဲခါးစည်းခံနေကြရတယ်။ ချမ်းသာတဲ့ သူတွေကတော့  အပူဒဏ်ကို အန်တုလို့ရတာပေါ့။ အေးတဲ့ဒေသတွေသွားပြီး အပူရှောင်နေကြ၊ အိမ်မှာ အဲကွန်းအမြဲတမ်းဖွင့်ထားကြ၊ မီးမလာရင်  မီးစက်မောင်း၊ အပြင်ထွက်ရင် အဲကွန်းကားတွေနဲ့ သွားကြလို့ သက်သာကြမယ်။ ဒါပေမဲ့ လူတိုင်း ကတော့ အဲဒီလိုဘယ်နေနိုင်ပါ့မလဲ။

 

အဲဒီတော့ အပူဒဏ်နဲ့ နှစ်ပါးသွားရုံကလွဲလို့ အခြားရွေးစရာမရှိဘူး။ အခုဆိုအေးပါတယ်ဆိုတဲ့ တောင်ပေါ်ဒေသတွေမှာတောင် တစ်နှစ်ထက်တစ်နှစ် ပိုပူလာနေပြီ။ အညာဘက်ဒေသတွေ အတွက်တော့ ပြောစရာစကားကိုမရှိဘူး။ ဒီတော့လည်း အသက်ရှည်ရာအနာမဲ့ကြောင်း အနေအထိုင်၊ အစားအသောက်၊ အသွားအလာ ဂရုစိုက်ကြပေါ့။ ဒီတစ်နှစ် နွေအပူကို အန်တုပြီးရင် နောက်နှစ်နွေအပူ ကို အန်တုဖို့အားမွေးကြရဦးမယ်။ ရာသီဥတုက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာနေတယ်။ လျော့ကျ ဖို့တော့ မမြင်မိသေးဘူး။

 

အလေးမထားတဲ့သူတွေ ပိုများနေသမျှတော့

 

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာနေတာနဲ့ ကမ္ဘာကြီးပူနွေးလာနေတာကို ပညာရှင်တွေ သတိပေးခဲ့တာ ကြာလှပြီ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကြဖို့ သတိပေးနေတာလည်းကြာပြီ။ ပညာရှင်တွေရဲ့ သတိပေးစကားတွေ ကျယ်လာပေမယ့် ကမ္ဘာကြီးရဲ့ အပူချိန်ကတော့ လျော့ကျမသွားတဲ့အပြင် အပူချိန်တွေ ပိုပြီးမြင့်တက်လာနေတယ်။ အံ့ဩစရာတော့ သိပ်မရှိပါဘူး။ ကမ္ဘာ့ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ အလေးထားတဲ့သူတွေထက် အလေးမထားတဲ့သူတွေက ပိုများနေသမျှတော့ ပိုဆိုးနေဦးမှာ။

 

ဖျက်ဆီးသူတွေထက်ပြင်တဲ့သူ၊ မဖျက်ဆီးတဲ့သူတွေ ပိုများလာမှပဲ အပျက်အစီးတွေ လျော့ကျလာမယ်၊ ထိန်းသိမ်းလာမယ်၊ တိုးတက်လာနိုင်မှာ မဟုတ်လား။ အပူချိန်မြင့်တက်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ လျှော့ချဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်ဖို့၊ သစ်တောပြုန်းတီး တာတွေ လျှော့ချဖို့၊ သစ်တောတွေ ပြန်လည်ထူထောင်ကြဖို့ဆိုတာတွေ ကမ္ဘာ့နိုင်ငံတွေအကြား ဆွေးနွေးပြောဆိုနေကြတာ ဆယ်စုနှစ်ချီပြီးကြာနေပြီ။ ဒါပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေက တိုးနေတုန်းပဲ။

 

ကမ္ဘာကြီးပူနွေးလာမှုဟာ ၁၈၅၀ ပြည့်နှစ်နဲ့ ၁၉၀၀ ပြည့်နှစ်အကြား စက်မှုခေတ်မတိုင်မီ ကတည်းက လူသားတွေဟာ အဓိကအားဖြင့် ကျောက်မီးသွေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေလို ရုပ်ကြွင်း လောင်စာတွေကို သုံးနေကြလို့ ကမ္ဘာကြီးမှာ အပူချိန်ဆက်တိုက် မြင့်တက်လာတယ်လို့ နာဆာကဆိုပါတယ်။ အခုဆိုရင် ကမ္ဘာကြီးရဲ့အပူချိန် မြင့်တက်မှုဟာ ဆယ်စုနှစ်တစ်ခုမှာ ၀ ဒသမ ၂ ဒီဂရီဆဲစီးယပ်စ် (၀ ဒသမ ၃၆ ဒီဂရီဖာရင်ဟိုက်) တိုးလာနေတယ်လို့ ဆိုပါတယ်။ ၁၉၅၀ ပြည့်နှစ် တွေကတည်းက အခုလိုနှုန်းနဲ့ တိုးလာတာဟာ လူသားတွေရဲ့ လုပ်ဆောင်မှုတွေကြောင့်ဆိုတာ အထောက်အထားတွေက ပြနေပါတယ်။

 

ထောင်စုနှစ်အတွင်း မကြုံစဖူးနှုန်းနဲ့ ဒီကနေ့ အထိလည်း ဆက်လက်မြင့်တက်နေတယ်လို့ နာဆာက ဆိုပါတယ်။ ၂၀၂၃ ခုနှစ် မတ်လဟာ ခေတ်သစ်မှတ်တမ်းတင်တာစတင်ခဲ့တဲ့ ၁၈၈၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာပေါ်မှာ ဒုတိယအပူဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ အခုလိုနှုန်းအတိုင်းသာ ဆက်ပြီး တိုးနေမယ်ဆိုရင် လာမယ့် ၂၀၃၀ ပြည့်နှစ်ကနေ ၂၀၅၂ ခုနှစ်အတွင်းမှာ ကမ္ဘာကြီးရဲ့အပူချိန်ဟာ ၁ ဒသမ ၅ ဒီဂရီဆဲစီးယပ်စ်အထိ ရောက်ရှိနိုင်တယ် လို့ IPCC (The Intergovernmental Panel on Climate Change) ရဲ့အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့အဓိကအကြောင်းရင်း

 

ကျွမ်းကျင်သူပညာရှင်တွေက သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ သတိပေးနေကြပေမယ့် ကမ္ဘာ့ရာသီဥတုပြောင်းလဲနေတာကို လက်တွေ့ကျကျ အကောင်အထည်ဖော်တာနဲ့ လိုက်နာတဲ့ ကဏ္ဍမှာ အားနည်းနေဆဲပဲ။ လက်တွေ့မလိုက်နာကြလို့လည်း တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတာပေါ့။ အဲဒီအထဲမှာ ရုပ်ကြွင်းလောင်စာအသုံးပြုတာဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပြီး ပမာဏအားဖြင့် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ရဲ့ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်တာတွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးရှိနေပါတယ်။ ဒီကနေ့အထိလည်း ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ ဆက်ပြီးတိုးမြင့်နေပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် အပူချိန်စံချိန်တင် မြင့်တက်တာနဲ့ ရာသီဥတုပုံစံတွေပြောင်းလဲနေလို့ သဘာဝတရားကြီးရဲ့ ဟန်ချက်လည်း ပျက်စီးလာနေပါတယ်။ ကမ္ဘာကြီးရဲ့ဟန်ချက် ပျက်စီးလာတာနဲ့ အမျှ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေနဲ့ သက်ရှိအားလုံးဟာ ရှောင်လွှဲမရတဲ့ နောက်ဆက်တွဲစိန်ခေါ် မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ကမ္ဘာ့ရဲ့လေထု၊ သမုဒ္ဒရာ၊ ရေခဲဒေသနဲ့ ဇီဝနယ်မြေတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ မြန်မြန်ဆန်ဆန် ပြောင်းလဲတာတွေ ဖြစ်နေပါတယ်။ ရာသီဥတုပြောင်းလဲလာတာတွေကြောင့် ကမ္ဘာ့ နေရာအနှံ့အပြားမှာ ပြင်းထန်တဲ့အကျိုးဆက်တွေ ရင်ဆိုင်နေကြရပါတယ်။ သက်ရှိတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ်ကို ဆိုးရွားတဲ့အကျိုး သက်ရောက်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ပျက်စီးမှုတွေ များစွာဖြစ်နေတာ ဒီကနေ့ကိုယ်တွေ့ပါပဲ။ လူ့အဖွဲ့အစည်းအတွက်သာမကဘူး၊ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ရေရရှိမှုစတဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေ အပေါ်ကိုလည်း ထိခိုက်နေပါတယ်။ ဆိုးရွားတဲ့ အကျိုးဆက်တွေက အခြားနိုင်ငံတွေထက်စာရင် အထူးသဖြင့် ထိခိုက်လွယ်တဲ့ လူ့အဖွဲ့အစည်း၊ ဒေသနဲ့ နိုင်ငံတွေမှာ ပိုမိုထိခိုက်ခံစားနေကြရတယ်။ အရင်ကတည်းက ရာသီဥတုဆိုးရွားတဲ့ ဒေသတွေ၊ မဖွံ့ဖြိုးမတိုးတက်တဲ့နိုင်ငံတွေနဲ့ ဆင်းရဲမှုမြင့်မားတဲ့ လူ့အဖွဲ့အစည်းတွေအတွက် အခုလိုအပူချိန်မြင့်တက်မှုဟာ ဘူးလေးရာဖရုံဆင့်တဲ့အခြေအနေပါ။

 

အပူချိန်မြင့်တက်တာကို ထိန်းချုပ်ဖို့အလားအလာ

 

လက်ရှိအခြေအနေမှာ ပိုမိုဆိုးရွားလာနေတဲ့ အပူချိန်မြင့်တက်တာကို ထိန်းချုပ်ဖို့နဲ့ လျှော့ချနိုင်ဖို့ အလားအလာ မမြင်နိုင်သေးပါဘူး။ ကုလသမဂ္ဂအပါအဝင် နိုင်ငံပေါင်းစုံက ရာသီဥတုပြောင်းလဲ နေတာနဲ့ပတ်သက်လို့ စုပေါင်းလုပ်ဆောင်နေတာ တွေရှိနေပေမယ့် ထိရောက်မှုကတော့ ဝိဝါဒကွဲစရာ ပါ။ ဥပမာအနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်တာကို လျှော့ချဖို့နဲ့ ကန့်သတ်ဖို့အတွက် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက ချမှတ်ခဲ့တဲ့ ကျိုတိုသဘော တူညီချက်မှာဆိုရင် အဓိကစက်မှုနိုင်ငံကြီးအချို့ဟာ သူတို့နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်နိုင်တဲ့အတွက် အတည်မပြုတာတွေ ရှိနေပါသေးတယ်။

 

ကျိုတို သဘောတူညီချက်ဟာ ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်ဖို့ကြိုးစားရာမှာ အရေးပါတဲ့ ပထမဆုံး နိုင်ငံတကာကြိုးပမ်းမှုပါ။ ဒါပေမဲ့လည်း ကျိုတိုသဘောတူညီချက်ဟာ လူသားတွေနဲ့ ကမ္ဘာကြီးအတွက် အရေးပါတဲ့ နိုင်ငံတကာကြိုးပမ်းမှုဆိုပေမယ့် နိုင်ငံအားလုံးရဲ့ ထောက်ခံမှု မရသေးတာကတော့ ကြီးမားတဲ့အားနည်းချက်လို့ ဆိုရမှာပါ။ အချို့နိုင်ငံတွေဟာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် လူသားတွေရဲ့ ရေရှည်အနာဂတ်ကို မျက်ကွယ်ပြုနေကြပါတယ်။

 

ဒီစကြဝဠာအတွင်းက တစ်ခုတည်းသော ကမ္ဘာကြီးဟာ လူသားတွေအပါအဝင် သက်ရှိအားလုံးနဲ့ သက်ဆိုင်ပါတယ်။ သက်ရှိအားလုံးနဲ့ ဆိုင်တဲ့ ကမ္ဘာကြီးနဲ့ ကမ္ဘာ့ရာသီဥတုတွေကို မပျက်စီးစေဖို့ဆိုရင် အားလုံးက အသိတရားနဲ့ လိုက်နာကြမှ ကာကွယ်ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်နိုင်ငံတစ်ခုတည်းရဲ့ အကျိုးစီးပွား၊ ကိုယ့်လူမျိုးတစ်ခုတည်းရဲ့ အကျိုးစီးပွား၊ ကိုယ့်ဒေသ တစ်ခုတည်းရဲ့ အကျိုးစီးပွားဆိုတဲ့ အမြင်ကျဉ်းကျဉ်းနဲ့ဆိုရင် လူသားအားလုံးနဲ့ဆိုင်တဲ့ ကမ္ဘာကြီး ကျန်းမာရေးအတွက် ပိုပြီးစိုးရိမ်စရာပါပဲ။

 

လူသားတွေလို့ဆိုလိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးပါပါတယ်။ ဒေသမရွေးပါဘူး၊ လူမျိုး မရွေးပါဘူး၊ ဘာသာမရွေးပါဘူး၊ အယုတ်အလတ်အမြတ်မရွေး လူတိုင်းပါဝင်ပါတယ်။ ကမ္ဘာကြီးဟာ အဲဒီလူသားအားလုံးနဲ့ ဆိုင်ပါတယ်။

 

လူသားအားလုံးပိုင်ဆိုင်တဲ့ကမ္ဘာကြီး ဒီထက်ပိုပြီး ပျက်စီးယိုယွင်းသွားရင် အဲဒီရဲ့အကျိုးဆက်ကို ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး မျှဝေခံစားကြရမှာပါ။

 

လူသားအားလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စဖြစ်

 

နောက်ပြီး ကမ္ဘာကြီးဟာ ဂေဟစနစ်လို တစ်ခုနဲ့တစ်ခု ဆက်နွှယ်တည်မှီနေတဲ့အတွက် တစ်ခုခု ယိုယွင်းပျက်စီးလာတာနဲ့ အခြားနောက်ဆက်တွဲဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်လာမှာပါ။ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းက ရေခဲပြင်တွေ အရည်ပျော်နေတာဟာ ကမ္ဘာ့အခြားဒေသတွေနဲ့ မဆိုင်ဘူးလို့ ငြင်းပယ်လို့မရပါဘူး။ ကမ္ဘာ့အပူချိန် မြင့်တက်လာတာ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲ လာတာတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာတွေဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်နိုင်ငံချင်းစီထက် တစ်ကမ္ဘာလုံး၊ လူသားအားလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စဖြစ်ပါတယ်။

 

ဒါပေမဲ့လည်း အများအကျိုးထက် ကိုယ်ကျိုးစီးပွားတွေပေါ်မှာ ရပ်တည်နေကြတဲ့အတွက် ကမ္ဘာ့ရာသီဥတု ပြောင်းလဲတာနဲ့ပတ်သက်လို့ အားလုံးပူးပေါင်းလုပ်ဆောင်မှု အားနည်းနေတာ လက်တွေ့ အခြေအနေပါပဲ။ ဘယ်သူသေသေ ငတေမာပြီးရော လုပ်ရပ်တွေဟာ အသိတရားမဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးနေတာနဲ့ ပတ်သက်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က “ကျွန်တော်တို့ဟာ သမုဒ္ဒရာတွေကို ညစ်ညမ်းအောင်လုပ်တယ်။ ကာဗွန်ထုတ်လွှတ်မှုတွေကို လျှော့မချဘူး။ ဒါ့အပြင် ဇီဝမျိုးစုံမျိုးကွဲ တွေကို မျိုးသုဉ်းအောင်လုပ်နေကြတဲ့အတွက် ကျွန်တော် တို့ရဲ့ ကမ္ဘာကြီးကို ပျက်စီးစေလျက်ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ရင်ဆိုင်ကြဖို့လိုပါတယ်။ ကျွန်တော်တို့အတွက် ဒုတိယကမ္ဘာကြီးဆိုတာ မရှိပါဘူးလို့ ပြောခဲ့ပါတယ်။

 

ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် တိုးတက်အောင်လုပ်ကြတယ်ဆိုပေမယ့် ကမ္ဘာပေါ်က လူသားအားလုံးရဲ့ အသက်ရှင်ရပ်တည်ရေးကိုလည်း ထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ လူတစ်ဦးချင်း၊ တစ်နိုင်ငံချင်းနဲ့ မျိုးဆက်အလိုက်ရဲ့ အခြေခံအခွင့်အရေး၊ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ တာဝန်ယူမှုနဲ့ ပတ်သက်လို့ လေးနက်တဲ့ ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းကြဖို့လို

 

ကျင့်ဝတ်တွေဆိုတာ လက်တွေ့ပါတဲ့ သဘောတရားတွေ၊ နိုင်ငံရေးစိတ်ဆန္ဒပါဝင်တဲ့ အခြေခံစည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဒေသအလိုက် လက်တွေ့ အကောင်အထည်ဖော်မှုတွေပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးမှုတွေ ဖြစ်ပါ တယ်။ အခုဆိုရင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဟာ လူတစ်ဦး ချင်းစီတိုင်းရဲ့ အခြေခံတန်ဖိုးတွေကို ခြိမ်းခြောက်ခံနေရပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုနဲ့ပတ်သက်လို့ စိုးရိမ်နေတာတွေ ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းကြဖို့ လိုနေပါတယ်။

 

ကိုယ်စီကိုယ်စီရဲ့ မတူညီတဲ့ ကိုယ်ကျိုးစီးပွားတွေအကြား ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရာမှာ ကျင့်ဝတ်တွေဟာ လက်တွေ့အကောင်အထည်ဖော်တာတွေကို ထိန်းကျောင်းဖို့၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အထောက်အကူဖြစ်စေဖို့၊ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ ဦးစားပေးအစီအစဉ်တွေ ချမှတ်ရာမှာ အထောက်အကူရရှိစေနိုင်ပါတယ်။ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်တွေ ပြုထားကြပေမယ့် ကျင့်ဝတ်ရှိရှိ၊ သိက္ခာရှိရှိနဲ့ စုပေါင်းအကောင်အထည်ဖော်မှ အခုလို ဆိုးရွားလာနေတဲ့ ရာသီဥတုကို ကာကွယ်နိုင်၊ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ။

 

ကိုးကား

၁။ Global Warming of 1.5°C, Intergovernmental Panel on Climate Change’s special report, 2018.

၂။ https:// climate. nasa. gov/ global-warming-vs-climate-change/

၃။      https:// www.worldometers. info/geography/how-many-countries-are-there-in-the-world/