ကမ္ဘာ့ရွှေစျေးကျဆင်းမှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ်ဆယ့်နှစ်သိန်းအောက်သို့ ပြန်လည်ကျဆင်း

ကမ္ဘာ့ရွှေစျေးကျဆင်းမှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ်ဆယ့်နှစ်သိန်းအောက်သို့ ပြန်လည်ကျဆင်းလာကြောင်း ပြည်တွင်းရွှေစျေးကွက်အတွင်းမှ သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ကျပ် ၁၃ သိန်းကျော်အထိ ဖြစ်ပေါ်ခဲ့သော ပြည်တွင်းရွှေဈေးမှာ တရိပ်ရိပ် ကျဆင်းလာခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်တွင် ၁၁ သိန်း ရှစ်သောင်းရှစ်ထောင်အထိ ​ကျဆင်းလာခဲ့သည်။

 

ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေးပေါ်တွင် မူတည်နေပြီး  နိုဝင်ဘာလ ၁ ရက်က ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ ​ကျော်ရှိခဲ့ရာမှ နှစ်ပတ်အတွင်း နိုဝင်ဘာ ၁၂ ရက်တွင် အမေရိကန်ဒေါ်လာ ၁၄၅၃ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

 

ပြည်တွင်းရွှေဈေးကွက်တွင် သြဂုတ် ၇ ရက်ကစ၍ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်းကျော်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပြီး ဆက်လက်မြှင့်တက်ခဲ့ရာ စက်တင်ဘာ ၅ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်ဖြင့် စံချိန်သစ်ဈေးသို့ ရောက်ရှိလာခဲ့ကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးနှုန်းထားဖြစ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်သစ်များ ထပ်ခါထပ်ခါ ချိုးလာခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီးဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍ တဖြည်းဖြည်း မြင့်တက်လာရာ စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

 

ပြီးခဲ့သည့် လေးလက ရွှေဈေးကို ပြန်ကြည့်ပါက ဇူလိုင်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၉၉၀၀၀ (ဇူလိုင် ၁ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၁၄၉၄၀၀ (ဇူလိုင် ၃၁ ရက်)၊ သြဂုတ်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၄၂၀၀၀ (သြဂုတ် ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၆၀၅၀၀ (သြဂုတ် ၂၉ ရက်)၊ စက်တင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၂၃၈၀၀ (စက်တင်ဘာ ၁၄ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၃၀၇၀၀၀ (စက်တင်ဘာ ၅ ရက်)နှင့် အောက်တိုဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၁၅၀၀ (အောက်တိုဘာ ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၂၉၀၀၀ (အောက်တိုဘာ ၁၀ ရက်)တို့ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

Nyein Nyein