ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေး ၁၂၄၀ဝ၀ဝ ကျော်အထိ စံချိန်တင်မြင့်တက်

၂၇ သြဂုတ်


ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂၄၀ဝ၀ဝ ကျော်အထိ စံချိန်တင်မြင့်တက်နေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က  ပြောသည်။ 


လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂၄၀ဝ၀ဝ ကျော်ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၃၀ ကျော်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 


"လက်ရှိရွှေဈေးက မနက်က စဖွင့်တုန်းကတော့ ၁၂၃၈၂၀ဝ စဖွင့်တယ်၊ အခုနေ့လယ်ကျတော့ ၁၂၄၂၀ဝ၀ လောက်ဖြစ်သွားတယ်"ဟု ဦးအုန်းမြိုင်က ပြောသည်။ 


ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်တွင် မူတည်နေပြီး လက်ရှိကမ္ဘာ့ရွှေဈေးမှာ မငြိမ်ဘဲ အတက်အကျ ကြမ်းနေကြောင်း သိရသည်။


"ရွှေဈေး ဆက်တက်ဖို့ အနေအထားက လက်ရှိအတိုင်းအတာနဲ့တော့ ဈေးက ဆက်တက်စရာ အကြောင်းတော့ သိပ်မရှိပါဘူး၊ ဒီအတန်းမှာတော့ ခဏတဖြုတ်ပဲ ငြိမ်မယ်ထင်တယ်၊ ကမ္ဘာ့ဈေး ပြန်အေးရင်တော့ ပြန်ကျသွားမှာပေါ့၊ အခုကတော့ ကမ္ဘာ့ဈေးက ဒီနေ့ ပြန်တက်သွားတယ်"ဟု  ဦးအုန်းမြိုင်က  ဆက်ပြောသည်။ 


သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွှေလုပ်ငန်းရှင်များအနေဖြင့် ရွှေကို ရောင်း/ဝယ်ကြရာတွင် လက်ငင်းငွေချေ ရောင်းဝယ်ကြရန်ဖြစ်ပြီး နှုတ်ဖြင့် အရောင်းအဝယ် မပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းကိုလည်း မပြုလုပ်ကြရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။


လက်ရှိတွင် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်ပါးကြောင်း ဦးအုန်းမြိုင်က  ပြောသည်။  


"ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ်ကတော့ ပါးပါတယ်၊ မှန်မှန်လေးပဲဖြစ်တယ်၊ ငွေလိုတဲ့သူ ရောင်းတယ်၊ ငွေပိုတဲ့သူ ဝယ်တယ်၊ ဒီလောက်ပဲ၊ ခါတိုင်းလို အင်နဲ့အားနဲ့တော့ မဖြစ်ဘူး"ဟု ၎င်းက ဆက်ပြောသည်။ 

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်သစ်များ ထပ်ခါထပ်ခါ ချိုးလာခဲ့ရာ ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ၂၉ ရက်အတွင်း တစ်ကျပ်သားလျှင် ကျပ် ၁၀၅၀ဝ၀ဝ ကျော်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အတွင်း ကျပ် ၁၀၆၀ဝ၀ဝ ကျော်၊ ဖေဖော်ဝါရီ ၈ ရက်မှ ၁၈ ရက်အတွင်း ကျပ် ၁၀၇၀ဝ၀ဝ ကျော်၊ ဖေဖော်ဝါရီ ၁၉ မှ ၂၁ ရက်အတွင်း ကျပ် ၁၀၈၀ဝ၀ဝ ကျော်၊ ဇွန် ၂၁ ရက်မှစ၍ ၁၁၁၀ဝ၀ဝ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍ တဖြည်းဖြည်း မြင့်တက်လာရာ သြဂုတ် ၇ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၂၀ဝ၀ဝ၀ အထိ ဖြစ်ပေါ်ခဲ့သည်။


ပြီးခဲ့သည့် သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက မေတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၃၅၂၀ဝ (မေ ၂ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၀၅၉၂၀ဝ (မေ ၁၄ ရက်)၊ ဇွန်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၅၅၀ဝ၀ (ဇွန် ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၁၂၅၅၀ဝ (ဇွန် ၂၅ ရက်)၊ ဇူလိုင်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၉၉၀ဝ၀ (ဇူလိုင် ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၁၄၉၄၀ဝ (ဇူလိုင်၃၁ ရက်) တို့ဖြစ်ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ 


ငြိမ်းငြိမ်း