ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းရွှေစျေး လိုက်ပါမမြင့်တက်နိုင်

ရန်ကုန်  ၂၂  ဇွန်

ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းရွှေစျေး လိုက်ပါမမြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင် က ပြောသည်။

 

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၅၀ ကျော်အထိ စံချိန်တင် မြင့်တက်နေပြီး ပြည်တွင်းရွှေဈေးမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်းဝန်းကျင်အထိ လိုက်ပါမြင့်တက်ရမည်ဖြစ်ကာ လက်ရှိတွင် ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၂၁၉၀၀၀ သာ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

ထိုသို့ ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းရွှေစျေး လိုက်ပါမမြင့်တက်နိုင်ခြင်းမှာ COVID-19 ကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ အဆက်အသွယ် ပြတ်တောက်နေခြင်းအပါအဝင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည်လည်း ကျဆင်းနေကြောင်း  ဦးအုန်းမြိုင် က ဆက်ပြောသည်။

 

"ပြည်တွင်းမှာက အခု ငွေကြပ်နေကြတယ်၊ နောက်တစ်ခုက နိုင်ငံတကာနဲ့ ပြည်တွင်းနဲ့ အဆက်အသွယ် တွေကလည်း တော်တော်များများက မရှိဘူး၊ ပြတ်တောက်နေကြတယ်၊ အဲဒီအပေါ်မှာမူတည်ပြီးတော့ စျေးကအဝင်အထွက်တွေ မရှိကြဘူး၊ အဲဒီအတွက်ကြောင့် စျေးက တက်သင့်သလောက် မတက်ဘူး၊ နောက် ဒေါ်လာငွေကြေး လဲလှယ်မှုကလည်းပဲ မတက်ဘူး၊ တကယ်တမ်း ခါတိုင်းလို စျေးညှိမယ်ဆိုရင် ၁၃ သိန်း ဝန်းကျင်လောက် ရှိရမယ်"ဟု  ၎င်းက ထပ်မံပြောကြားသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင်မူ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော် အထိသာ ရှိခဲ့သည်။

 

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၅၃ ဒေါ်လာရှိပြီး အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာလည်း ကျပ် ၁၄၀၀ သာရှိကြောင်း ငွေကြေးစျေးကွက်အတွင်းမှ သိရသည်။

 

ပြီးခဲ့သည့် ​​လေးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင်  ဖေဖော်ဝါရီလတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ၅ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ  ၂၈ ရက်)၊မတ်လတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၁၄၈၀၀၀ (မတ် ၃၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၁၈၆၀၀ (မတ် ၄ ရက်)၊ ဧပြီတွင်မူ COVID- 19 ကြောင့် ပြည်တွင်းရွှေဈေးကွက် ပိတ်ထားပြီး မေ ၁၈ ရက်တွင် ရွှေဈေးကွက်ပြန်ဖွင့်ကာ ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၂၁၄၁၀၀ (မေ ၂၇ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၃၆၀၀၀ (မေ ၁၈ ရက်)တို့ ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အ​ဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ​မြင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ငွေကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင် ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ငွေကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

ငြိမ်းငြိမ်း