နေပြည်တော် မတ် ၂၃

ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင်  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၊ နေပြည်တော်၌ ဆက်လက်ကျင်းပသည်။

အခမ်းအနားသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအတွင်းရေးမှူး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသော ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စာတမ်းဖတ်ကြားဆွေးနွေး တင်ပြမည့်သူများ၊ ဘာသာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများ၊ ရေနှင့်ဆက်နွှယ်သည့် ဌာနအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယခုနှစ်ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ကမ္ဘာ့ရေနေ့ ၂၀၂၅ ဆောင်ပုဒ်ဖြစ်သည့် “ရေအရင်းအမြစ်များ တည်မြဲဖို့ရေခဲမြစ်များထိန်းသိမ်းစို့” (Glacier Preservation) နှင့် ဆက်နွှယ်သည့် စာတမ်းများကို သက်ဆိုင်ရာပညာရှင်များက ဖတ်ကြားတင်ပြသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပိုမိုကောင်းမွန်စေရန် ဖြည့်စွက်အကြံပြုပေးခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ဆွေးနွေး ပေးကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ရေအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းပြီး ရေရှည်အသုံးပြုနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့ စာတမ်း၊ မြန်မာနိုင်ငံအတွင်း ရေဖူလုံစေရေး ရေအရင်းအမြစ်များ ထုတ်ဖော်အသုံးချရေး စာတမ်းများကိုလည်းကောင်း၊ ရေနှင့်သက်ဆိုင်သော ဝန်ကြီးဌာနအဖွဲ့အစည်းများက ဘာသာရပ်ဆိုင်ရာ စာတမ်း ၁၀ စောင်ကိုလည်းကောင်း ဖတ်ကြားခဲ့ပြီး စာတမ်းများနှင့်ပတ်သက်သည့် တင်ပြချက်များအပေါ် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်အကြံပြု ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီး ရေဆိုင်ရာပညာရှင်များက “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စာတမ်းဖတ်ကြားဆွေးနွေးခဲ့သည့် ပညာရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးအပ်ပြီး နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားသည်။

မွန်းလွဲပိုင်း ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကျင်းပချိန်တွင် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ပြခန်းများအား Nay Pyi Taw State Academy နှင့် နေပြည်တော်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှု လေ့လာကြသည်။

ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ရေသယံဇာတ အရင်းအမြစ်များ အကန့်အသတ်ရှိမှု၊ ရေအရင်းအမြစ်များ ရေရှည်တည်မြဲရန်လိုအပ်မှု၊ ရေအရင်းအမြစ် တစ်ခုဖြစ်သည့် ရေခဲမြစ်များ ထိန်းသိမ်းရန်လိုအပ်မှုနှင့် ရေကိုစနစ်တကျ ချွေတာသုံးစွဲ ရန်လိုအပ်မှုကို အများပြည်သူသိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်