ရန်ကုန် စက်တင်ဘာ ၁၂

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို စက်တင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ရန်ကုန်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်မှ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင် ဦးကျော်မြင့်အောင်က ဖတ်ကြားပြီး မြို့နယ်သူနာပြုတပ်ဖွဲ့မှူးများအား ကြက်ခြေနီဆေးသေတ္တာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ခံရသည့် ပြည်သူ့များကို မိသားစုသဖွယ် စောင့်ရှောက်ခဲ့ကြသော သူနာပြုတပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရာတွင် ကူညီခဲ့သည့် သူနာပြုတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်လူနာများကို ကူညီစောင့်ရှောက်ခဲ့ကြသည့် သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)