ရန်ကုန် နိုဝင်ဘာ ၁၃

ကိုရီးယားသမ္မတနိုင်ငံ အင်ဒုံမြို့တော်ဝန်၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား သမ္မတနိုင်ငံ အင်ဒုံမြို့ အင်ဒုံအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌  နိုဝင်ဘာ ၁၄ရက်မှ ၁၆ရက်အထိ ကျင်းပမည့် (၁၈) ကြိမ်မြောက် ကမ္ဘာ့ သမိုင်းဝင်မြို့တော်များညီလာခံ (18th  World Conference of Historical Cities) သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ  ကိုရီးယား သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ကမ္ဘာ့သမိုင်းဝင်မြို့တော်များ ညီလာခံကို အင်ဒုံမြို့တော်နှင့်အတူ သမိုင်းဝင် မြို့တော်များ အဖွဲ့ ( The League Of Historical Cities- LHC) က ပူးတွဲကျင်းပခြင်းဖြစ်ပြီး LHCသည် ၁၉၈၇ ခုနှစ်မှစတင်၍ ဖွဲ့စည်းထူထောင်ခဲ့သည့်အဖွဲ့အစည်းဖြစ်ကာ အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးပုံပေါ်လာစေရန်နှင့် လူသားအမွေအနှစ်နှင့် သမိုင်းဝင်မြို့တော်များကို ထိန်းသိမ်းမြှင့်တင် ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရန်ကုန်မြို့သည် ရှေးဟောင်းသမိုင်းအမွေအနှစ်များအပြင် သမိုင်း ကြောင်းအရလည်းကောင်း၊ ထူးခြားသည့် ကိုလိုနီခေတ်ဗိသုကာလက်ရာများအရ အရှေ့တောင် အာရှ၏ မြို့ပြအမွေအနှစ် အဆောက်အဦးများစွာပိုင်ဆိုင်ထားခြင်းကြောင့် LHC ၏ အဖွဲ့ဝင်မြို့ဖြစ်သည့် ရန်ကုန် မြို့အား မြန်မာနိုင်ငံ၏ အမွေအနှစ်များနှင့် သမိုင်းဝင်အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်မှုနှင့် အစိုးရမူဝါဒများကို လေ့လာမျှဝေနိုင်ရန် ဖိတ်ကြားခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီရုံးဌာနမှူး ဦးညဏ်လင်းစိုးနှင့် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဌာနမှူး ဦးလင်းခိုင်တို့လိုက်ပါသွား ကြောင်းသိရသည်။ 

သတင်းစဉ်