ရန်ကုန် ၁၂ စက်တင်ဘာ
ပညာရေးတွင် ကမ္ဘာ့ထိပ်တန်း အဆင့်ရှိသော သြစတြေးလျ ပညာရေးပြပွဲကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၄ ရက်နေ့တွင် Melia Hotel ၌လည်းကောင်း၊ မန္တလေးမြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့တွင် Hilton Hotel ၌လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်သွားမည့် ရန်ကုန်မြို့အခြေစိုက် AVSS Myanmar ရုံးမှသိရသည်။
"မြန်မာနိုင်ငံကနေ သြစတြေးလျကို ကျောင်းသွားတက်မယ့် ကလေးတွေနဲ့ နိုင်ငံခြားမှာ ကျောင်းတက်မယ်လို့ စဉ်စားထားရင် ကျောင်းသားရော မိဘတွေက ဒီပြပွဲကို လာရောက်ပြီး လေ့လာကြပါ။ သြစတြေးလျနိုင်ငံက ထိပ်တန်းတက္ကသိုလ် /ကောလိပ်နဲ့ အထက်တန်းကျောင်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရမယ် သြစတြေးလျ ပညာရေး အကြောင်းတွေ ပညာသင်ဆုတွေအကြောင်း ကိုယ်တိုင်ကိုကျ တွေ့ဆုံမေးမြန်း သိရှိနိုင်မယ့် အခွင့်အရေးတွေ ရမယ်။ မြန်မာနိုင်ငံက ကျင်းပတာ ဒီအကြိမ်နဲ့ ၁၅ ကြိမ် ၁၆ ကြိမ်လောက်ရှိပြီပေါ့။ ပြည်တွင်းက ကျောင်းသားတွေ အနေနဲ့ သြစတြေးလျ နိုင်ငံရဲ့ပညာရေးကို ပိုပြီးသိလာကြတယ်။ ပြပွဲလုပ်ပြီဆို ရန်ကုန်မှာ က ၃၅၀ / ၄၀ဝ ဦးလောက်လာကြတယ်။ မန္တလေးမှာဆို ၁၀ဝ ကျော် ၂၀ဝ ဦးလောက် လာလေ့လာကြတယ်။" ဟု AVSS Myanmar ရုံး မှ Director ဒေါ်တင့်ဝေက ပြောသည်။
ထိုပြပွဲကြီးကို သြစတြေးလျ သံရုံးနှင့် ရန်ကုန်မြို့အခြေစိုက် AVSS Myanmar ရုံးမှ ပူးပေါင်းကျင်းပ သွားမည်ဖြစ်သည်။ ပြပွဲတွင် သြစတြေးလျ ထိပ်တန်းတက္ကသိုလ်/ကောလိပ်နှင့် အထက်တန်းကျောင်းပေါင်း ၂၄ ကျောင်းမှ ဆရာ/ဆရာမများ/တာဝန်ခံများ လာရောက်မည်ဖြစ်သည်။ ထို့ပြင် Study in Australia ခေါင်းစဉ်ဖြင့် သြစတြေးလျသံရုံးမှ AusTrade,Australia ကလည်းကောင်း Study in Perth ခေါင်းစဉ်ဖြင့် Western Australia အစိုးရ တာဝန်ရှိသူကလည်းကောင်း "နိုင်ငံခြား ပညာရေးသင်ကြားရာတွင်အောင်မြင်မှု ရရှိရန်မည်သို့ ပြင်ဆင်ထားသင့်သလဲ" ခေါင်းစဉ်ဖြင့် AEC English Center မှ Director of Studies မှလည်းကောင်း Australia တွင် ကျောင်းတက်ခဲ့သော မြန်မာကျောင်းသူ မဖြိုးဖြိုးအောင် က ကျောင်းတက် အတွေ့အကြုံ များကိုလည်းကောင်း ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြပွဲတွင် သြစတြေးလျ နိုင်ငံမှ အထက်တန်းကျောင်းများ တက္ကသိုလ်အထိ ပါဝင်လာသည့်အတွက် မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်း(၁၀)တန်းအောင်မြင်သူ/ IGCSE/GCE "A"Level /SAT, IB Diploma အောင်မြင်ထားသူများ/HND ဒီပလိုမာ ရရှိသူများ/တက္ကသိုလ် ဘွဲ့ရရှိပြီးသူများ လျောက်ထားနိုင်ကြောင်း ပြပွဲကျင်းပရေး AVSS Myanmar ရုံး မှ သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


