၁၈ ဖေဖော်ဝါရီ

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ တကယ့်ကိုကောင်းမွန်တဲ့ ဆွေးနွေးမှုတွေလုပ်နိုင်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန်နျူချင်က မကြာသေးမီက ပြောကြားလိုက်တာ ကိုကြည့်ရင် အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကာလအတန်ကြာဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုဟာ တိုးတက်လာပြီလို့ဆိုရမှာ ဖြစ်ပါတယ်။

 

ကြီးကြီးမားမားတိုးတက်မှု မတွေ့ရသေးအမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန်နျူချင်ဦးဆောင်တဲ့ အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ပေကျင်းမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲပြီးနောက် အခုလိုပြောကြားခဲ့တာပါ။ ကောင်းမွန်တဲ့ ဆွေးနွေးပွဲ လုပ်ဆောင်နိုင်ခဲ့သော်လည်း ကြီးကြီးမားမား တိုးတက်မှုတော့ မရရှိသေးပါဘူး။

 

ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တရုတ် ထိပ်တန်းကိုယ်စားလှယ်တွေဟာ ပေကျင်းမှာကျင်းပခဲ့တဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ ကုန်သွယ်ရေးတင်းမာမှုတွေဖြေလျှော့ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ် ဆိုတာကိုတော့ အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။

 

ကောင်းမွန်တဲ့ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ ပေကျင်းဆွေးနွေးပွဲပြီးတဲ့နောက် တွစ်တာမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန်နျူချင်က မိမိနဲ့အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သင်ဇာတို့ဟာ တရုတ်နိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လျူဟဲနဲ့ ကောင်းမွန်တဲ့ဆွေးနွေးပွဲ ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒုဝန်ကြီး ချုပ်လျူဟဲဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးတစ်ယောက်ဖြစ်ပါတယ်။

 

အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ယခုဆွေးနွေးပွဲပြီးနောက်ပိုင်းမှာ ထပ်မံပြုလုပ်ဦးမယ့် ဆွေးနွေးပွဲလည်း ရှိဦးမှာပါ။ စီးပွားရေး ထိပ်တန်းနှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးအခြေအနေပေါ်မူတည်ပြီး ဈေးကွက်ကလည်း ပြောင်းလဲမှုတွေရှိပါတယ်။ သူတို့နှစ်နိုင်ငံရဲ့ကုန်သွယ်ရေးသာ အောင်အောင်မြင်မြင်နဲ့ ညှိနှိုင်းလို့ရ ခဲ့မယ်ဆိုရင်တော့ စီးပွားရေးဈေးကွက်ကလည်း အဆိုးထက်အကောင်းဘက်ကို ပိုမိုရောက်ရှိမှာပါ။

 

ကောင်းမွန်တဲ့ လက္ခဏာတစ်ခု နှစ်နိုင်ငံကြားထားရှိခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ ယာယီသဘောတူညီချက်ဟာလည်း မတ် ၁ ရက်နေ့မှာ နောက်ဆုံးသတ်မှတ်ရက်ပြည့်တယ် ဆိုပေမယ့်လည်း တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုဟာ တိုးတက်ကောင်းမွန်လာခဲ့ရင်တော့ နောက်ဆုံးသတ်မှတ်ရက်ကို ထပ်မံဆွဲဆန့်ချင်ကြောင်း အမေရိကန်သမ္မတက ပြောကြားလိုက်ပါတယ်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချင်တယ်ဆိုတာ အလွန်ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုပါပဲလို့ အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး လာရီကွဒ်လိုးက ပြောခဲ့ပါတယ်။

 

ကုန်သွယ်ရေးဆိုင်ရာ နှစ်နိုင်ငံညှိနှိုင်းမှုမှာ အနည်းငယ်တိုးတက်ကောင်းမွန်တဲ့ လက္ခဏာတွေ့ရသော်လည်း တကယ့်ကို ထိရောက်တဲ့ ဆုံးဖြတ်ချက်မျိုးတော့ ချမှတ်နိုင်တာမျိုး မရှိသေးတာကိုလည်း တွေ့ရပါတယ်။

 

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာ 

 

နှစ်ဖက်ကုန်သွယ်ရေး ညှိနှိုင်းမှုတိုးတက်တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချီးကျူးစကားပြောလိုက်ပါတယ်။ တရုတ် နဲ့အမေရိကန်နှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုကိုဖြေရှင်းနိုင်ဖို့ နှစ်ဖက်ညှိနှိုင်းရေး ကိုယ်စားလှယ်တွေဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ လာမယ့်ရက်သတ္တပတ်အတွင်း ထပ်မံတွေ့ဆုံဦးမယ်လို့ဆိုပါတယ်။

 

တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာများမှာ စစ်မှန်တဲ့ သဘောတူညီချက်တစ်ခုရဖို့ အလွန်နီးစပ်နေပြီလို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတထရမ့်က သတင်းထောက်များကို ပြောလိုက်ပါတယ်။

 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့သာမက တရုတ်နိုင်ငံနဲ့ပါ ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေး အမေရိကန်နိုင်ငံက အနီးကပ်လုပ်ဆောင်နေကြောင်းနဲ့ ယခုအခါမှာနှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဆက်လက်ပြောကြားလိုက်ပါတယ်။

 

ဆွေးနွေးဖို့ကျန်သေးမတ် ၁ ရက်နောက်ပိုင်းမှာ တရုတ်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံအပေါ် အခွန်နှစ်ဆကောက်ခံဖို့အစီအစဉ်ကိုလည်း အမေရိကန်သမ္မတထရမ့်က ရွှေ့ဆိုင်းလိုက်ပါ တယ်။ နှစ်ဖက်ကုန်သွယ်ရေးတင်းမာမှုကို ညှိနှိုင်းဖြေရှင်းဖို့အချိန်ပိုမိုရရှိစေရေးအတွက် ဒီဇင်ဘာ ၁ ရက်မှာ စတင ကျိုးသက်ရောက်ခဲ့တဲ့ ရက်ပေါင်း ၉၀ ရွှေ့ဆိုင်းမှုကိုလည်း ထပ်မံပြီး ရှေ့တိုးရင်ကောင်းမလားဆိုပြီး စဉ်းစားနေတယ်လို့ဘလွန်းဘာ့ချ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။

 

နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုမှာ အမေရိကန်တို့ရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး အနည်းငယ်တိုးတက်မှုများ ရှိခဲ့သော်လည်း တကယ့်အရေးတွေကိုတော့ ဆက်လက်ဆွေးနွေးဖို့ ကျန်သေးတယ်လို့ သည်ဝေါစထရိတ်ဂျာနယ်နဲ့ ဘလွန်းဘာ့ဂျ်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

 

ကမောက်ကမဖြစ်စေမညီမျှတဲ့ ကုန်သွယ်ရေးဆိုင်ရာ ကျင့်ထုံးတွေကို ကျင့်သုံးတယ်ဆိုပြီး အမေရိကန်က တရုတ်ကို စွပ်စွဲထားပါတယ်။ တရုတ်နိုင်ငံရဲ့ ဈေးကွက်ထဲကို နိုင်ငံခြားအခွင့်အလမ်းတွေ မဝင်နိုင်အောင် တားဆီးမှုတွေ အများအပြားလုပ်ထားပြီး တရုတ်ကုမ္ပဏီတွေကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ အများအပြား လုပ်ထား ပါတယ်။ ထို့အပြင် ဉာဏမူပိုင်ခွင့်ဆိုင်ရာ ရယူမှုတွေလည်း အများအပြားပြုလုပ်နေတယ်လို့ အမေရိကန်က တရုတ်ကိုပြောဆိုထားတာ ဖြစ်ပါတယ်။

 

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ အပြန်အလှန်ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာ ၃၆၀ ဘီယီယံကျော် အခွန်ကောက်ခံမှုတွေရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်မှုတွေကြောင့် ကုန်ထုတ်လုပ်ငန်းတွေနဲ့ ကမ္ဘာ့စီးပွားရေးကို လှုပ်ခတ်မှုတွေဖြစ်စေခဲ့သလို နှစ်ဖက်စလုံးကို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်ပေါ်စေပြီး ကုန်သွယ်မှုဆိုင်ရာ အခင်းအကျင်းမှာ ကမောက ကမဖြစ်စေတာကို တွေ့ရ ပါတယ်။

 

သက်ရောက်မှုများရှိကမ္ဘာအင်အားကြီး နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးအားပြိုင်မှုဟာ ကျန်တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ ယခင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ယခုအခါ ၆ ဒသမ ၇ ရာ ခိုင်နှုန်းအထိ ဖြစ်လာပြီး အနည်းငယ်ကျဆင်းခဲ့ပါတယ်။

 

သူတို့နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးတင်းမာမှုဟာ ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေကို တစ်မျိုးတစ်မည် ပြောင်းလဲသွား နိုင်စွမ်းရှိသလို သက်ရောက်မှုတွေလည်း ရှိပါတယ်။ အမေရိကန်ဟာ တရုတ်ပို့ကုန်တွေ အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုတွေလုပ်ခဲ့ရာမှ တရုတ်နိုင်ငံရဲ့ ကုန်စည်တင်ပို့မှုဈေးကွက်ဟာ ကမောက်ကမဖြစ်ခဲ့ပြီး တရုတ်ငွေကြေးတန်ဖိုး အနည်းငယ်ကျဆင်းခဲ့ရပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒအခင်း အကျင်းကြောင့် အမေရိကန်ဒေါ်လာဟာ အတက်ဘက်သို့ ဦးတည်လာတာကို လတ်တလောမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

 

နည်းလမ်းကောင်းတွေဖြစ်လာမယ်တရုတ်နိုင်ငံကလည်း ခေသူတော့ မဟုတ်ပါဘူး။ စီးပွားရေးမှာ ကမ္ဘာ့ဒုတိယနေရာမှာ ရပ်တည်နိုင်တာနဲ့အညီသူကလည်း ဘယ်နည်းနဲ့မဆို အမေရိကန်ကိုကျော်ဖို့ ကြိုးစား နေတဲ့သူလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးနည်းဗျူဟာ ပြောင်းလဲမှုကြောင့်သာ လတ်တလောမှာ အခွင့်မသာသေးသလိုဖြစ်နေပေမယ့် နောင်တစ်ချိန်ချိန်မှာ ဘယ်နည်းနဲ့မဆို အမေရိကန်ကို ဖြတ်ကျော်ဖို့ ကြိုးစားဦးမှာပဲ ဖြစ်ပါတယ်။

 

ဆိုးရွားနေတဲ့ ကမ္ဘာကုန်သွယ်ရေးတင်းမာမှုတွေကို လျော့နည်းစေဖို့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ရုရှားနိုင်ငံတို့ကို အတူတကွ လုပ်ဆောင်သွားဖို့နဲ့ အကယ်၍ သူတို့တွေသာ အတူတကွ လက်တွဲမလုပ်ဆောင်နိုင်ပါက ကုန်သွယ်ရေးမှာ ပဋိပက္ခတွေနဲ့ ပရမ်းပတာ ဖရိုဖရဲဖြစ်ကုန်တော့မှာပဲဆိုပြီး မကြာသေးမီက ဥရောပသမဂ္ဂ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တခ်ကလည်း တိုက်တွန်းလိုက်ပါတယ်။

 

မေရိကန်သမ္မတထရမ့်ကတော့ ကုန်သွယ်ရေးဆိုင်ရာ အခြေအနေတွေ မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်လာ ဖို့အတွက် သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နောက်ထပ်ဆွေးနွေးသွားမယ်လို့ ဆိုထားပါတယ်။ အခုလည်း လက်ရှိအခြေအနေမှာ နှစ်နိုင်ငံလုံးအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ တိုးတက်မှုဖြစ်စဉ်တွေ ဖြစ်ပေါ်နေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ နှစ်နိုင်ငံညှိနှိုင်းမှုဟာ ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်မယ်လို့ နည်းလမ်းကောင်းတွေဖြစ်လာမယ် ဆိုတာမျှော်လင့်ရင်း။ ။ 

 

ထွန်းသစ်စ
ကိုးကား - အေအက်ဖ်ပီ