ကမ္ဘာတစ်ခွင် ရုပ်ရှင်ဆင်ဆာအသွင်အပြင်မှသည် မြန်မာ့ရုပ်ရှင်လောကသို့

အကယ်ဒမီ ဆွေဇင်ထိုက်၊ Park Bo Yong (Film Critic, Korea)

 

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် “ရုပ်ရှင်” ကဏ္ဍပေါ်ပေါက် လာမှုနှင့်အတူ တစ်ပြိုင်တည်း တွဲ၍ပါလာသည်မှာ ဆင်ဆာဟူသော လုပ်ငန်းစဉ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆင်ဆာဟူသော စကားရပ်အား ထိန်းချုပ်ဖြတ်တောက်ခြင်းဟု အများစုက သိရှိနားလည်ထားကြသော်လည်း ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင်မူ ဆင်ခြင်တုံတရားဖြင့် ကိုယ်တိုင်ကျင့်ဝတ် စောင့်ထိန်းခြင်း ဟု နားလည်ခံယူကြပါသည်။

ရုပ်ရှင်စိစစ်ရေးကို အမေရိကန်၊ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ကိုရီးယား စသည့်နိုင်ငံများစွာတွင် ကျင့်သုံး နေကြပါသည်။ ဒီမိုကရေစီကျင့်စဉ်ရင့်ကျက်ပြီး အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းသော အမေရိကန်၊ ဥရောပနှင့် အိန္ဒိယကဲ့သို့ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်သောနိုင်ငံများတွင် အစိုးရမဟုတ်သော ရုပ်ရှင်အဖွဲ့အစည်းများက ရုပ်ရှင်အဆင့် သတ်မှတ်ပြဋ္ဌာန်းခြင်း (Rating)ကို လုပ်ဆောင်ကြပြီး ဒီမိုကရေစီကျင့်စဉ်ရှိနေသော်လည်း အရပ်ဘက်အဖွဲ့ အစည်းများ ပါဝင်မှုနည်းသော ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားကဲ့သို့သော နိုင်ငံများတွင် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့အစည်းများက ရုပ်ရှင်အဆင့်သတ်မှတ်ခြင်းကို လုပ်ဆောင်လျက်ရှိကြသည်။ နိုင်ငံရေးစနစ် မတူညီသည့် တရုတ်နိုင်ငံတွင်မူ အစိုးရကဖွဲ့စည်းတာဝန်ပေးအပ်ထားသော အဖွဲ့ကသာ ကြီးကြပ်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ ။

အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုတွင် လူဦးရေသန်းပေါင်း ၃၀၀ ကျော်ရှိသော နိုင်ငံတကာဈေးကွက်အတွက် အင်္ဂလိပ်စကားတစ်မျိုးတည်းသာပြောသော ရုပ်ရှင်ကားပေါင်း ထောင်နှင့်ချီ၍ နှစ်စဉ်ထုတ်လုပ်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံတွင် ပြည်တွင်းမှထုတ်လုပ်သော ရုပ်ရှင်များနှင့် ပြည်ပမှတင်သွင်းသော ရုပ်ရှင်ကားများကို Rating ခေါ် ရုပ်ရှင်စံနှုန်းသတ်မှတ်ခြင်းများကို Motion Picture Association of America (MPAA) sandloos သတ်မှတ်ပေးပြီး ကျင့်သုံးလျက်ရှိသော စံနှုန်းသတ်မှတ်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၁။ General Audiences (အများပြည်သူ အရွယ်သုံးပါး ကြည့်ရှုနိုင်သောရုပ်ရှင်)၊

၂။ PG - Parental Guidance Suggested (ကလေးများ အုပ်ထိန်းသူနှင့် ကြည့်ရှုနိုင်သောရုပ်ရှင်)၊  

၃။ PG - 13 - Parents Strongly Cautioned (ကလေးငယ်များ ကြည့်ရှုရန်မသင့်ကြောင်း အုပ်ထိန်းသူက တားမြစ်သတိပေးသင့်သောရုပ်ရှင်)၊

၄။ R- Restricted (သီးခြားကန့်သတ်ထားသော ရုပ်ရှင်)၊

၅။ NC-17 - Adults Only (အရွယ်ရောက်ပြီးသူများသာ)။

ထို့အပြင် အခြားဆင့်တွင် Not Rated ( NR) (အဆင့်သတ်မှတ်ရန် တင်ပြခြင်းမရှိသောရုပ်ရှင်)နှင့် Unrated (UR) (ပြသခွင့်ပြုမထားသောပြကွက်များ ဖြတ်တောက်ထားခြင်းမရှိသောရုပ်ရှင်) ဟူ၍ နှစ်မျိုး ရှိပါသည်။ ။

အဆိုပါအဆင့်သတ်မှတ်ရန် တင်ပြခြင်းမရှိသော ရုပ်ရှင် (Not Rated - NR)နှင့် ပြသခွင့်ပြုမထားသော ပြကွက်များ ဖြတ်တောက်ထားခြင်းမရှိသော ရုပ်ရှင် (Unrated -UR) ဟူ၍ သတ်မှတ်ထားသည့် ရုပ်ရှင်များကို ရုပ်ရှင်ရုံများက ရုံတင်ပြသရန် ငြင်းဆိုကြပါသည်။ Unrated (UR) ဟု ဖော်ပြလျှင် ၎င်းရုပ်ရှင်သည် စံနှုန်းသတ်မှတ်ရေးအဖွဲ့က ဖြတ်တောက်ရန် အကြံပြုထားသောပြကွက်များ ပါဝင်သောကြောင့် အရွယ်မရောက်သေးသူများ ကြည့်ရှုရန်  ၊ မသင့်ကြောင်း သတိပေးရာရောက်သောကြောင့် ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပထမဆုံးရုပ်ရှင် ဥပဒေကို ၁၉၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၃၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပထမဆုံးဆင်ဆာဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ၎င်းဥပဒေများအရ တရုတ်လူမျိုးတို့၏ ပုံရိပ်ကို ထိခိုက်စေသောပြကွက်များ၊ သွေးထွက်သံယို အကြမ်းဖက် ပြကွက်များ၊ တရားဥပဒေချိုးဖောက်ရန် နည်းပေး လှုံ့ဆော်မှုပြကွက်များ၊ သဘာဝလွန်ဖြစ်ရပ်များ လွှမ်းမိုး စေသောပြကွက်များကို တင်းကျပ်စွာတားမြစ်ပါသည်။ ၁၉၃၄ ခုနှစ် မတ်လတွင် ဆင်ဆာဥပဒေကို ပြင်ဆင်ပြီး ရုပ်ရှင်အတတ်ပညာရှင်များကို ဆင်ဆာအဖွဲ့တွင် ခန့်အပ်ဆောင်ရွက်သကဲ့သို့ ၁၉၈၃ ခုနှစ်တွင်လည်း ရုပ်ရှင်ဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်ရုပ်ရှင်ဇာတ်ကားများကို ၁၉၈၃ ခုနှစ် ရုပ်ရှင်ဥပဒေပါ အချက် (၄) ချက်အပြင် ကလေးသူငယ်နှင့် ဆယ်ကျော်သက်တို့၏ ကိုယ်နှင့်စိတ် ကျန်းမာရေးကို ထိခိုက်စေခြင်း၊ အများပြည်သူ စာရိတ္တ နိမ့်ကျစေခြင်း၊ အစိုးရ၏ ဂုဏ်သိက္ခာကျဆင်းစေခြင်း  စသည့်အချက်များကို ဖြည့်စွက်ထည့်သွင်း၍ Rating ခေါ် ရုပ်ရှင်စံနှုန်း သတ်မှတ်ခြင်းများကို အောက်ပါအတိုင်း အသက်အရွယ်အလိုက် ရုပ်ရှင်စံနှုန်း(၅)မျိုးဖြင့် သတ်မှတ်ခဲ့ပါသည်-

၁။ 0+ (General Audiences) အများပြည်သူအရွယ်သုံးပါး ကြည့်ရှုနိုင်သောရုပ်ရှင်၊

၂။ 6+ (Protected) ၆ နှစ်အောက်မကြည့်ရ။ (၆-၁၁) နှစ်အတွင်းကလေးများ အုပ်ထိန်းသူ နှင့် ကြည့်ရှုနိုင်သောရုပ်ရှင်၊

၃။ 12+ (Parental Guidance) ၁၂ နှစ်အောက်မကြည့်ရ၊ (၁၂-၁၅)နှစ်အတွင်း အုပ်ထိန်းသူနှင့် ကြည့်ရှုနိုင်သော ရုပ်ရှင်၊

၄။ 15+ ၁၅ နှစ်အောက် မကြည့်ရသောရုပ်ရှင်၊

၅။ 18+ (Restricted) ၁၈ နှစ်အောက် မကြည့်ရသောရုပ်ရှင်။

၂၀၁၅ ခုနှစ် ဇွန်လတွင် ဆင်ဆာအဖွဲ့ကို အစိုးရ ကိုယ်စားလှယ်၊ ရုပ်ရှင်အသိပညာရှင်၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူအတတ်ပညာရှင်များဖြင့် ပြန်လည်ဖွဲ့စည်း၍ ရုပ်ရှင်ဥပဒေကို ပြန်လည်သတ်မှတ်ခဲ့ပါသည်။ ၎င်းဥပဒေအရ ရုံတင်ပြသမည့် ရုပ်ရှင်ကားအားလုံးသည် Rating စံနှုန်းသတ်မှတ်ရေးဌာနသို့ လျှောက်ထားရပြီး ရုပ်ရှင် ဥပဒေအရ စံနှုန်းသတ်မှတ်ခြင်း ပျက်ကွက်ခဲ့လျှင် ဖြန့်ချိခြင်း၊ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခြင်း၊ ရောင်းချခြင်း၊ ရုံတင်ပြသခြင်းတို့ကို ရုပ်သိမ်းခြင်းခံရမည် ဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ

ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်သီးသန့်စိစစ်သော ရုပ်ရှင်အဆင့်အဆင့် သတ်မှတ်ရေးကော်မတီ (Film Rating Committee) မရှိဘဲ ရုပ်ပုံအဆင့် သတ်မှတ်ရေးကော်မတီ (Picture Rating Committee) သာရှိပြီး ၎င်းတွင် Videos၊ DVDI Game နှင့် ကြော်ငြာ (TVC)၊ ရုပ်ရှင်နမူနာနှင့် ဂီတ၊ ရုပ်ရှင်တို့ ပါဝင်သည်။ ရုပ်ပုံအဆင့်သတ်မှတ်ရေးကော်မတီ (Picture Rating Committee) သည် ကိုရီးယားယဉ်ကျေးမှုနှင့်အားကစားဝန်ကြီးဌာနတွင် ပါဝင်ဖွဲ့စည်းထားပြီး ၁၉၆၇  ခုနှစ်က ကိုရီးယားအနုပညာ ကျင့်ဝတ်ကော်မတီအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ် ဇူလိုင်လတွင် ရုပ်ပုံစိစစ်ခြင်းမူဝါဒ (Reviewing Policy of Picture) အရ CD ကြားခံပစ္စည်းနှင့် အိမ်သုံး Game Software အထိ စိစစ်ပြီး ရုပ်ရှင်အပြင် ပြဇာတ်၊ ဇာတ်ညွှန်း၊ ဂီတ စသည်ဖြင့် ဆင်ဆာစိစစ်ခြင်းကို ကျယ်ပြန့်စွာဆောင်ရွက်ခဲ့သည်။ ယခုလက်ရှိ ရုပ်ရှင်စိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း ရုပ်ရှင်ဇာတ်ကားပေါင်း ၁၂၃၁ ကားကို စိစစ်သတ်မှတ် ခဲ့ပါသည်။ ကိုရီးယားရုပ်ရှင် အဆင့်သတ်မှတ်မှုကို အောက်ပါအတိုင်း အဆင့် (၅) ဆင့်ဖြင့် ခွဲခြားထားသည် -

၁။ 0+  (General Audiences) အများပြည်သူ အရွယ်သုံးပါး ကြည့်ရှုနိုင်သောရုပ်ရှင်၊

၂။ 12+ (Parental Guidance) ၁၂ နှစ်အထက်ကြည့်ရှုနိုင်သောရုပ်ရှင်၊

၃။ 15+ ၁၅ နှစ်အထက် ကြည့်ရှုနိုင်သောရုပ်ရှင်၊

၄။ ဆယ်ကျော်သက် မကြည့်ရရုပ်ရှင်၊

၅။ အကန့်အသတ်ဖြင့် ပြသရန်ရုပ်ရှင်။

အဆိုပါ အကန့်အသတ်ဖြင့်ပြသရန် ဆိုသည်မှာ သီးသန့်ကန့်သတ်ထားသော ရုပ်ရှင်ရုံများတွင်သာ ပြသရန် ဖြစ်သော်လည်း ကိုရီးယားနိုင်ငံတွင် သီးသန့်ကန့်သတ်ရုံ တစ်ရုံမျှမရှိပါ။ ၎င်းမှာ လက်တွေ့တွင် ပြသရန်ခွင့်မပြု ဆိုသည့်သဘောပင်ဖြစ်ပြီး ရုပ်ရှင်ကို သေဒဏ်ပေးသည်နှင့် ဆင်တူပါသည်။ အကန့်အသတ်ဖြင့်ပြသရန် ရုပ်ရှင် ဇာတ်ကားများထဲမှ အချို့သည် စိစစ်ရေးဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန်ဗဟိုတရားရုံးတွင် တရားစွဲဆိုလျှောက်ထား ခဲ့ရာတွင် ငါးနှစ်ကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက်မှ ရုံတင်ခွင့် ရခဲ့သည်။ သို့သော် အချိန်ကိုက်သရော်ထားသော ဇာတ်ကား ဖြစ်သောကြောင့် ရုံတင်သောအချိန်တွင် ပရိသတ် စိတ်ဝင်စားမှုလျော့နည်းကာ အရှုံးပေါ်ခဲ့ကြောင်း လေ့လာ သိရှိရသည်။

ကိုရီးယားရုပ်ရှင်နှင့် ဗီဒီယိုပစ္စည်းမြှင့်တင်ရေးဥပဒေ အပိုဒ် ၂၉ အရ လိင်စိတ်လှုံ့ဆော်မှု၊ အကြမ်းဖက်မှု၊ လူ့အဖွဲ့အစည်း၏ ပြဿနာများကို အလွန်အကြူးဖော်ပြပြီး ယေဘုယျ နက်နဲစွာ ထိခိုက်စေနိုင်မည့် ပြသခြင်းနှင့် ကြေညာခြင်းတို့ကိုအတိုင်းအတာတစ်ခုအထိ ကန့်သတ်ရန်ဟု ဖော်ပြထားသည်။ ၂၀၀၀ ပြည့်နှစ်၏ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ ၁၅ ဦးမြောက် သမ္မတဖြစ်သူ မစ္စတာကင်ဒယ်ချွန်း လက်ထက်တွင် ကိုရီးယားရုပ်ရှင်သည် စိစစ်ရေးအရိပ်အောက်မှ လွတ်မြောက်ခဲ့ပြီး ယခင်ကထက် ပိုမိုလွတ်လပ်လာခဲ့ရာ ဇာတ်လမ်းအမျိုးအစား စုံလင်စွာဖြင့် အင်နှင့်အားနှင့် ထွက်ရှိလာမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ဈေးကွက်များအထိ ပျံ့နှံ့ကြီးထွားလာခဲ့ပါသည်။

ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံသည် ၁၉၃၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသော ရုပ်ရှင်ဆင်ဆာတည်းဖြတ်မှုစနစ်ကို ၂၀၀၉ ခုနှစ်ဩဂုတ်လတွင် ဖျက်သိမ်းခဲ့ပြီး ရုပ်ရှင်စံနှုန်းသတ်မှတ်ခြင်းစနစ်ဖြင့် အစားထိုးပြဋ္ဌာန်းခဲ့သည်။ ထိုင်းနိုင်ငံ၏ ရုပ်ရှင်သတ်မှတ်စံနှုန်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

၁။ အများပြည်သူ အသိဉာဏ်တိုးပွားစေ၍မည်သူမဆို ကြည့်ရှုသင့်သောရုပ်ရှင် (Promote (P), Symbolized by SmileyFace)

၂။ အသက်အရွယ်မရွေးကြည့်ရှုရန် သင့်လျော်သောရုပ်ရှင် (General (G), Symbolized by A House)

၃။ ၁၃ နှစ်အထက်ကြည့်ရှုနိုင်သောရုပ်ရှင် (13+)၊

၄။ ၁၅ နှစ်အထက် ကြည့်ရှုနိုင်သောရုပ်ရှင် (15+)၊

၅။ ၁၈ နှစ်အထက် ကြည့်ရှုနိုင်သောရုပ်ရှင် (18+)၊

၆။ အသက် ၂၀ နှစ်အောက် ကြည့်ရှုခွင့်မပြုသောရုပ်ရှင် (20+ Restrited) (အခါအားလျော်စွာ မှတ်ပုံတင်စစ်ဆေးရန်)။

ထို့အပြင် ထုတ်ဖော်ပြောကြားခြင်းမရှိသော ခုနစ်ခုမြောက် စံနှုန်းအမျိုးအစားမှာ နိုင်ငံတော်၏ လုံခြုံရေးအား ထိပါးစေသော ပြကွင်း/ပြကွက်များကြောင့် ပိတ်ပင်ခံရသော အမျိုးအစားဖြစ်သည်။ ၁၉၃၀ ပြည့်နှစ် ထိုင်းနိုင်ငံ ရုပ်ရှင်ဥပဒေအရ ရုပ်ရှင်စံနှုန်းသတ်မှတ်ခြင်းစနစ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ က စိစစ်ပြီး ကြီးကြပ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ကိုယ်လုံးတီး ပြကွက်နှင့် လိင်အသားပေးပြကွက်များ၊ ရက်စက် ကြမ်းကြုတ်မှုများ (ဥပမာ- သက်ရှိသတ္တဝါများအား အပိုင်းပိုင်းခုတ်ထစ်ပြသမှု) တို့အား ပြည်တွင်းရုပ်ရှင်များတွင် ကန့်သတ်ထားရှိသော်လည်း နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများအတွက်မူ ၎င်းစံနှုန်း သတ်မှတ်ချက်များမှာ အကျုံးမဝင်ကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံထုတ် ရုပ်ရှင်များတွင် ရုပ်ရှင်စံနှုန်းသတ်မှတ်မှုမပြုမီ အကြိုသုံးသပ်ခြင်း အဆင့်တစ်ခုဖြင့် ကြိုတင်စိစစ်ထားခြင်းကြောင့် ပရိသတ်အနေဖြင့် ဆင်ဆာကြီးကြပ်နေခြင်းကို အများစုက သတိမပြုမိကြခြင်းဖြစ်သည်။ ။

မြန်မာ့ရုပ်ရှင်နှင့်ဆင်ဆာ

မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ်မှ စတင်ပေါ်ပေါက် ခဲ့ခြင်းဖြစ်သော်လည်း Cinematograph Act ဟုခေါ်သော ရုပ်ရှင်ဥပဒေသည် ၁၉၁၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေ အမှတ် (၃၈) အရ ၁၉၆၂ ခုနှစ် ရုပ်ရှင်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံ တွင် ၁၉၈၀ ပြည့်နှစ်က ရုပ်မြင်သံကြား စတင်အသုံးပြု ခဲ့ပြီးနောက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်မြင်သံကြား နှင့် ဗီဒီယိုဥပဒေကို ၁၉၈၅ ခုနှစ် လုပ်ထုံးလုပ်နည်းများကို ၁၉၈၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။

ထို့ပြင် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၇ ခုနှစ် ရုပ်ရှင်နည်းဥပဒေများလည်း ပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာ့ ရုပ်ရှင်လောကတွင် ဗီဒီယိုပုံစံဖြင့် ဇာတ်လမ်းများ ဖြန့်ချိခြင်း ထွန်းကားလာသောကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအပြင် ၁၉၉၈ ခုနှစ် ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေကိုလည်း ပြဋ္ဌာန်း ထားရှိသည်။ ၁၉၂၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ မြန်မာ့ ရုပ်ရှင်စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ၎င်းအဖွဲ့တွင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်( နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏မိခင်) သည် ၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ မိခင်နှင့်က လေးစောင့်ရှောက်ရေးဌာန၏ ကိုယ်စားလှယ် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ။

ယင်းအဖွဲ့ကို ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့အဖြစ် ၁၉၆၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိလည်းကောင်း၊ ၁၉၈၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရုပ်ရှင်ဆင်ဆာအဖွဲ့နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ဟူ၍လည်းကောင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ် ပါသည်။ ၎င်းအဖွဲ့များသည် တည်ဆဲဥပဒေများနှင့်အညီ ကြည့်ရှုစစ်ဆေးပေးခဲ့ခြင်း ဖြစ်ပါသည်။ ။

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ရုပ်ရှင်ဆင်ဆာ အဖွဲ့နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ကို ပူးပေါင်းပြီး ဇာတ်ကား အဆင့်အတန်းသတ်မှတ်ရေး စိစစ်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာဟူ၍ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ခြင်း ဖြစ်ပါ သည်။

ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့၏ စစ်ဆေးရာ၌ မှီငြမ် ပြုရမည့် အခြေခံမူများကို ယခင်က ပြည်တွင်း၊ ပြည်ပ ရုပ်ရှင်ဇာတ်ကားအားလုံးအတွက် ၁၀ ချက် ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ရာမှ ယခုအခါ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိ စေရေး၊ ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး ဟူသော အချက်(၆) ချက်ဖြင့်သာ ထောက်ညွှန်အကြံပြု ဆောင်ရွက်လျက်ရှိသည်။ ။

မြန်မာ့ရုပ်ရှင်လောကသားများအနေဖြင့် တွေ့ကြုံရသော အခက်အခဲများ ဖြေလျှော့နိုင်ရန်နှင့် ပယ်ဖျက်နိုင်ရန်အတွက် မြန်မာ့ရုပ်ရှင်ဥပဒေအသစ်ကို ပြဋ္ဌာန်းပြီး နည်းဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြဋ္ဌာန်းနိုင်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ပြဋ္ဌာန်းမည့် ဥပဒေ သစ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉ ခုနှစ်) အား အခြေခံ၍ နည်းဥပဒေကိုလည်း အနုပညာဖန်တီးသူများ အကျိုးရှိစေရန် ထည့်သွင်းပြဋ္ဌာန်းသင့်သည်။ ထိုသို့ပြဋ္ဌာန်းရာတွင် အောက်ပါအချက်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်ပါသည်

(၁) အများပြည်သူကြည့်ရှုပြသခွင့်ရုပ်ရှင်ဆင်ဆာ လက်မှတ်ကို ရုပ်ရှင်စံနှုန်းအဆင့်(Rating)ဖြင့် သတ်မှတ်ထုတ်ပေးရန်၊

(၂)  ရုပ်ရှင်စံနှုန်းအဆင့် သတ်မှတ်ရေးအဖွဲ့တွင် ရုပ်ရှင်အသိပညာရှင် ကိုယ်စားလှယ်၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူအတတ် ပညာရှင်နှင့် အစိုးရကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းရန်၊

(၃) ရုပ်ရှင်လောကသားများအနေဖြင့် သတ်မှတ် ပေးစေလိုသောအဆင့်များ ဖော်ထုတ်ရန်၊

(၄) ထုတ်လုပ်ဖန်တီးမှုများ၏ အဆင့်အတန်းသတ်မှတ်ခြင်းသည် ကျင့်ဝတ်သိက္ခာနှင့် ညီညွတ်ရန်၊

(၅) ဖြစ်ပေါ်လာသော အငြင်းပွားမှုများကို ဖန်တီးထုတ်လုပ်သူ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားပြု အဖွဲ့အစည်းမှသော်လည်းကောင်းတာဝန်ယူရန်။ ။

ထိုကဲ့သို့ နိုင်ငံတကာတွင် ကျင့်သုံးနေသောဇာတ်ကား  အဆင့်သတ်မှတ်သည့် (Rating) စနစ်ကို မြန်မာနိုင်ငံတွင်ပြဋ္ဌာန်းပြီး ကျင့်သုံးဆောင်ရွက်မည်ဆိုပါက အောက်ဖော်ပြ ပါကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ဦးစွာဆောင်ရွက်ကြရမည်ဖြစ်ပါသည်

(၁) ထုတ်လုပ်သူများနှင့် ဒါရိုက်တာများ၏ အခန်းကဏ္ဍ၊

(၂) ဇာတ်ကားအဆင့်သတ်မှတ်ရေးအဖွဲ့၏ အခန်းကဏ္ဍ၊

(၃) ရုပ်ရှင်ရုံပြသသည့်လုပ်ငန်းနှင့် ကြည့်ရှုသူ ပရိသတ်များ၏ အခန်းကဏ္ဍ။

ထုတ်လုပ်သူ၊ ဒါရိုက်တာများ

ထုတ်လုပ်သူများ၊ ဒါရိုက်တာများအနေဖြင့် မိမိဖန်တီးမည့်အနုပညာကို မည်သည့်အသက်အရွယ် အပိုင်း အခြားအား ရည်ရွယ်၍ အနုပညာကို လွတ်လပ်စွာခံစားကြည့်ရှုနိုင်စေရန် သတ်မှတ်ချက်ရှိရမည် ဖြစ်သည်။ ( သို့မှသာ ရုပ်ရှင်ဇာတ်ကားမှ ပြန်လည်ရရှိမည့်ဝင်ငွေကိုထုတ်လုပ်သူများအနေဖြင့် စဉ်းစားနိုင်မည်ဖြစ်ပါသည်။ မိမိဖန်တီးမည့် အနုပညာကိုလည်း အနုပညာကျင့်ဝတ် ဆိုင်ရာများဖြင့် လေးစားလိုက်နာစောင့်ထိန်းရန် လိုအပ် မည်ဖြစ်သည်။

ထို့အပြင် မိမိဖန်တီးသည့် အနုပညာသည် လွတ်လပ် စွာဖန်တီးနိုင်သည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ ( အခြေခံဥပဒေကို လေးစားလိုက်နာရမည်ဖြစ်သကဲ့သို့ အခြားသော ကလေးသူငယ်ဆိုင်ရာ ဥပဒေ၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း စသည် များကိုလည်း လေးစားလိုက်နာရမည် ဖြစ်ပါသည်။

ထုတ်လုပ်သူ၊ ဒါရိုက်တာများအနေဖြင့် ဇာတ်ဝင်ခန်းများတွင်ပါဝင်သည့် ဇာတ်ဝင်ခန်းအလိုက် ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်၊ စကားပြောခန်းများကို ဂရုပြု၍ ဇာတ်ညွှန်း ရေးသားစဉ်ကပင် ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ ။

ဇာတ်ကားအဆင့် သတ်မှတ်ရေးအဖွဲ့၏ အခန်းကဏ္ဍ

ရုပ်ရှင်ဇာတ်ကားများကြည့်ရှု၍ ဇာတ်ကားအဆင့် သတ်မှတ်ရာတွင်လည်း ဇာတ်ကားအဆင့် သတ်မှတ်မည့် အဖွဲ့တွင် ပါဝင်သည့်သူများအနေဖြင့် သမာသမတ်ရှိပြီး အနုပညာကို နှံ့နှံ့စပ်စပ်သိရှိသူ အနုပညာရှင်၊ အတတ်ပညာ ရှင်များ၊ ဥပဒေအရတာဝန်ပေးအပ်သည့် ဌာနဆိုင်ရာများ၊ အနုပညာနှင့်ဆက်စပ်သည့် ဗဟုသုတပြည့်စုံသည့် အခြားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ထည့်သွင်း၍ ရုပ်ရှင်ဇာတ်ကားအဆင့် သတ်မှတ်ရေးကို ဖွဲ့စည်း ဆောင်ရွက်သင့်ပါသည်။ ။

ထိုသို့ဆောင်ရွက်ရာတွင် ဇာတ်ကားအဆင့်သတ်မှတ် ရေးအဖွဲ့တွင် ပါဝင်မည့်သူများအနေဖြင့် ရုပ်ရှင်ဇာတ်ကား အဆင့်သတ်မှတ်ရာတွင် ဇာတ်ကားအဆင့် သတ်မှတ်မည့် ရုပ်ရှင်ဇာတ်ကား၏ ခံစားတင်ဆက်နိုင်မှု၊ ရသပေးစွမ်းနိုင်မှု၊ အကျိုးရလဒ်ရရှိနိုင်မှုနှင့် ၎င်းရုပ်ရှင်ဇာတ်ကား၏ အတိမ်အနက်အပေါ်မူတည်၍ အများပြည်သူကြည့်ရှုရာတွင် ရုပ်ရှင်ကြည့်ရှုသူများအတွက် ဇာတ်ကားအဆင့်ကို ခွဲခြားသတ်မှတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

ရုပ်ရှင်ရုံ ပြသသည့်လုပ်ငန်းနှင့် ကြည့်ရှုသူပရိသတ်များ၏ အခန်းကဏ္ဍများ

ရုပ်ရှင်ရုံများတွင် ဇာတ်ကားအဆင့်ခွဲခြားသတ်မှတ်ထားသည့် ရုပ်ရှင်ဇာတ်ကားများ ပြသရာတွင်လည်း အသက်အရွယ် အပိုင်းအခြားအလိုက် ကြည့်ရှုရမည့် ရုပ်ရှင်ဇာတ်ကားအတွက် ရုပ်ရှင်ရုံဝန်ထမ်းက ရုပ်ရှင်လက်မှတ်ရောင်းချရာတွင်လည်းကောင်း၊ ရုပ်ရှင်ရုံအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပြုရာတွင်လည်းကောင်း သတ်မှတ်ထားသည့် စည်းမျည်းစည်းကမ်းများကို လိုက်နာရမည် ဖြစ်ပါသည်။ ထိုသို့လိုက်နာနိုင်စေရန်အတွက် ရုပ်ရှင်ရုံများကို ထိန်းကျောင်းကိုင်တွယ်သည့် ဌာနအဖွဲ့အစည်းများက သတ်မှတ်ပြဋ္ဌာန်းရန် လိုအပ်မည်ဖြစ်သည်။

နိုင်ငံတကာတွင် အသက်အရွယ် ပိုင်းခြားကန့်သတ် ထားသည့်ဇာတ်ကားကို အသက်ကန့်သတ်ချက်ရှိသူများ အား ကြည့်ရှုခွင့်မပြုဘဲ ကြည့်ရှုခွင့်ပြုသောရုပ်ရှင်ရုံ ဝန်ထမ်းအား အလုပ်မှထုတ်ပယ်ခြင်း၊ ပြစ်ဒဏ်များ ချမှတ် ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်၊ အသက် ၁၂ နှစ်ပြည့် မှတ်ပုံတင်စသည်ဖြင့် သက်သေခံလက်မှတ်များကိုင်ဆောင်၍ ရုပ်ရှင်လက်မှတ်ဝယ်ယူရန်မှာ လက်ရှိအခြေအနေတွင် အခက်အခဲများရှိမည်ဖြစ်ရာ ထိုအခက်အခဲများကို ကနဦး လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ။

ထိုကဲ့သို့ ရုပ်ရှင်ကြည့်ပရိသတ်များအနေဖြင့်လည်း အသက်ကန့်သတ်ချက်ဖြင့် အဆင့်သတ်မှတ်ထားသော ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုရန်အတွက် ရုပ်ရှင်လက်မှတ်များ ဝယ်ယူကြရာတွင် မိမိ၏အသက်နှင့်မကိုက်ညီသော အဆင့်သတ်မှတ်ထားသည့် ဇာတ်ကားကို ဝယ်ယူခြင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိနှင့်အတူပါလာသည့် ကလေး၏အသက်ကို လိမ်လည်၍ လက်မှတ်ဝယ်ယူခြင်းများ မပြုလုပ်ကြဘဲ သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ရာ ထိုစနစ်ကျင့်သုံးမည်ဆိုပါက ကြိုတင်အသိ ပေးခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ။

မည်သို့ပင်ဖြစ်စေ ကမ္ဘာတစ်ခွင်မှ ရုပ်ရှင်ဆင်ဆာ အသွင်အပြင်ကို မျက်ခြည်မပြတ်လေ့လာမှုနှင့်အတူ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီရာအဆင့်မှ ဟန်ချက်ညီ လိုက်ပါစီးမျောနိုင်ရန် လိုအပ်မည် ဖြစ်ပါသည်။ ထိုသို့မျှော်မှန်းလုပ်ဆောင်ချက်ဖြင့် ရုပ်ရှင် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုရလဒ်များ ပေါ်ထွက်လာနိုင်ရန် မျှော်လင့်ရင်း။ ။

ကြေးမုံ