သမားအို
တကယ်တော့ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization–WHO) တို့ဟာ ဖွားဖက်တော်တွေပါပဲ။ ၁၉၄၈ ခုနှစ်မှာ အတူတူဖြစ်တည်လာခဲ့ကြပါတယ်။ ဒါ့အပြင် WHO ရယ်လို့ ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် မြန်မာနိုင်ငံအစိုးရက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ WHO ရဲ့ ဝါအရင့်ဆုံးအဖွဲ့ဝင်ထဲမှာ မြန်မာနိုင်ငံ လည်းပါပါတယ်။
နှစ်ပေါင်းခုနစ်ဆယ်ကျော်
သူ့ကျွန်ဘဝကနေ ကြုံးရုန်းထရင်း ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘယ်ပြန်ညာပြန် အကန်ခံရတဲ့ဘောလုံးလို ခံစားလာရပြီးမှ ဂိုးပေါက်တည့်သွားသလို လွတ်လပ်ရေးရခဲ့တာမို့ ဖွားဖက်တော် WHO နဲ့ ဘဝချင်းမတူခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းခုနစ်ဆယ်ကျော် မပြတ်မစဲ လက်တွဲအလုပ်လုပ်ခဲ့ကြတဲ့ သံယောဇဉ်တွေတော့ ရှိနေခဲ့ပါတယ်။
ကမ္ဘာ့အသင်းမှာ တာဝန်ယူနေတဲ့ WHO ရဲ့ အကြံပြုချက်တွေကို အမြဲမသွေ လေးစားလိုက်နာ အကောင်အထည် ဖော်ခဲ့တာကတော့ မြန်မာနိုင်ငံရဲ့အစိုးရ အဆက်ဆက်ပါ။ အဓိကယူပေးရတာ ကတော့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနပဲဖြစ်ပါတယ်။
ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေမှာ မြန်မာ့ကျန်းမာရေး ဝန်ထမ်းတွေဟာ WHO နဲ့ တွဲဖက် အလုပ်လုပ်ခဲ့ရာမှာ ကျောက်ရောဂါ ပပျောက်ရေးလုပ်ငန်းဟာ သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ အခုခေတ်လူငယ်တွေ လုံးဝ မကြားမသိလောက်အောင် ကျောက်ရောဂါ (Smallpox) ကို ကမ္ဘာ ပေါ်က အပြီးတိုင် ဖြိုခွင်းလိုက်ပြီဖြစ်ပါတယ်။ ပိုလီယို၊ အနာကြီး၊ ငှက်ဖျား၊ တီဘီ စတဲ့ ကူးစက်ရောဂါဆိုးတွေကိုလည်း အင်အားရှိသမျှနဲ့ တိုက်ထုတ်နေကြတာတော့ မပြီးမပြတ်သေးပါဘူး။
အိုင်အိုဒင်းဓာတ်ချို့တဲ့ပြီး လည်ပင်းကြီးရောဂါ၊ ဉာဏ်ရည်ချို့တဲ့ရောဂါတွေ လို မကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း မြန်မာ့ကျန်းမာရေး ဝန်ထမ်းတွေ ဟာ ကမ္ဘာနဲ့အတူ ရှေ့တန်းက ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ တောင်ပေါ်ဒေသ တွေမှာ အဖြစ်များတဲ့ လည်ပင်းကြီး ရောဂါဆိုရင်လည်း အခုဆိုရင် အတော်လေး လျော့ပါးသွားပြီးဖြစ်ပါတယ်။ (ဒါတောင် မှ မြန်မာနိုင်ငံကို အိုင်အိုဒင်းဖြည့်ဆားခတ်ဖို့အတွက် အိုင်အိုဒင်းတင်ပို့ခွင့်ကို ပိတ်ပင်တာ ခံခဲ့ရပါသေးတယ်။)
တောင်ပေါ်ဒေသ၊ ဝေးလံခေါင်းပါးတဲ့ ဒေသတွေအရောက် အိုင်အိုဒင်းဓာတ် ဖြည့်ထားတဲ့ဆားတွေကို လုံလောက်အောင် ပို့ပေးတဲ့သူတွေက ပို့ပေး၊ လက်ခံစားသုံးလာအောင် အသိပညာ ပေးတဲ့သူတွေက ပေးနဲ့ တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြရာမှာ WHO နဲ့အတူ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ကူညီပါဝင်ပေးခဲ့ကြ ပါတယ်။ ရှေ့ဆက်တိုးတက်ပြီး ရောဂါ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေမှာ လည်း အဲဒီအဖွဲ့တွေနဲ့အတူ ဆောင်ရွက်ခဲ့ ကြပါတယ်။
မြန်မာ့ကျန်းမာရေး ဌာနအနေနဲ့ ပြည်တွင်းမှာ တာဝန်ကျေကျေဆောင်ရွက်ခဲ့သလို နိုင်ငံတကာအရေးကိစ္စ တွေမှာလည်း တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့ပါသေးတယ်။ အဲဒီအထဲမှာ နိုင်ငံတကာနဲ့အတူ ကမ္ဘာ့မိသားစုပုံစံနဲ့ ဆောင်ရွက်ရတဲ့ “ကမ္ဘာ့ကျန်းမာရေးနေ့” လုပ်ငန်းတွေလည်း ပါပါတယ်။ ပွဲတော် အခမ်းအနားတစ်ခုကို စီစဉ်ရတာမျိုး မကဘဲ စည်းရုံးလှုံ့ဆော်ရေး၊ အသိပညာပေးရေးနဲ့အတူ ချမှတ်ထားတဲ့လုပ်ငန်း ဦးတည်ချက်ကို ပီပြင်အောင် ဖော်ဆောင် ဖို့ ဆက်လက်ဆောင်ရွက်ရတာ မသက် သာလှပါဘူး။
မြန်မာ့ကျန်းမာရေးဝန်ထမ်းတွေ
နှစ်စဉ်နှစ်တိုင်း ဦးစားပေးခေါင်းစဉ် တစ်ခုကို WHO က ရွေးချယ်သတ်မှတ်ပေးတာကို မြန်မာ့ကျန်းမာရေးဝန်ထမ်း တွေကလည်း ကမ္ဘာနဲ့အတူ မပျက်မကွက် ပါဝင်ဆောင်ရွက်ခဲ့ကြတာ ယနေ့အထိပါပဲ။ လုပ်ချင်တဲ့လုပ်ငန်းတစ်ခုကို အများသိအောင် တက်တက်ကြွကြွ ပါဝင် ပူးပေါင်းလာအောင် စည်းရုံးလှုံ့ဆော်ရတာမို့ တိုင်းပြည်ရဲ့အင်အားနဲ့ညှိပြီး အဆင်အပြေဆုံး အကောင်အထည် ဖော်ခဲ့ကြရပါတယ်။
ဒီနှစ်အတွက် ကမ္ဘာ့ကျန်းမာရေး ဆောင်ပုဒ်ကတော့ အင်္ဂလိပ်လို “Our Planet: Our Health” ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မှီတင်းနေရတဲ့ ကမ္ဘာကြီးက ကျွန်တော်တို့ရဲ့ ကျန်းမာရေးဘဝကို အပြန်အလှန်လွှမ်းမိုးနေတာကို သိစေလို ပါတယ်။ ကမ္ဘာမြေကြီးဟာ လူသားတို့ရဲ့ ဘဝသခင်၊ လူသားတို့ရဲ့အိမ်၊ လူသား တို့ရဲ့ရှင်သန်မှုကို စက္ကန့်မလပ် ပေးဆပ် နေတော့ ကျွန်တော်တို့တစ်တွေ အသိ အမှတ်ပြုကြပါရဲ့လား။ ဘာတွေများ ကျေးဇူးဆပ်တဲ့အနေနဲ့ ကမ္ဘာကြီးထံ ပြန်ပေးခဲ့ကြပြီလဲဆိုတာကို ပြန်ပြီးစဉ်းစား၊ ပြုပြင်ဆောင်ရွက်ကြရပါတော့မယ်။
ကမ္ဘာ့ကျန်းမာရေးနေ့
ဒီနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ (ဧပြီလ ၇ ရက်) ကို အကြောင်းပြုပြီး စည်းရုံး လှုံ့ဆော်စရာ အကြောင်းအရာသုံးခုကို တင်ပြထားကြပါတယ်။
ပထမဆုံးအလုပ်ကတော့ သန့်ရှင်းတဲ့သောက်ရေသုံးရေ ရရှိဖို့၊ အစားအစာ သန့်ရှင်းဖူလုံဖို့နဲ့ လေကောင်းလေသန့် ရရှိဖို့ကိစ္စတွေပဲ ဖြစ်ပါတယ်။ လူတွေ သောက်နေသုံးနေရတဲ့ရေတွေ သန့်ရှင်းမှု နည်းလှပါတယ်။ ဒီမသန့်မရှင်းတဲ့ရေကိုပဲ လုံလုံလောက်လောက် ရဖို့အတွက် အနာဂတ်မှာ စိတ်မချရတော့ပါဘူး။ လူတွေအတွက် သောက်သုံးရဖို့ ရေထွက် ပင်ရင်းတွေဟာလည်း ညစ်ညမ်းလာပါတယ်။ သောက်လို့မရတဲ့ ပင်လယ်ရေ၊ သမုဒ္ဒရာရေတွေပါ ပြုပြင်လို့မရအောင် ညစ်ညမ်းနေတဲ့အခြေအနေမှာ ကမ္ဘာ ကြီးဟာ မကျန်းမမာဖြစ်လာပါတယ်။
မကျန်းမာတဲ့ ကမ္ဘာမြေကြီးက ထုတ်လုပ်ပေးလိုက်တဲ့ အစာအာဟာရတွေဟာလည်း ကျန်းမာရေးအတွက် အထောက် အကူမပြုရုံမက လူသားတွေကို ရောဂါအမျိုးမျိုးရစေတဲ့အတွက် စိတ်ချရတဲ့ အစာ (Safe Food) တွေရဖို့ ခက်လာပါ တယ်။ အစားအစာဖူလုံရင်ပြီးရောဆိုပြီး ဖြစ်သလိုထုတ်လုပ်လိုက်တဲ့ စားနပ်ရိက္ခာ တွေမှာ ရောဂါပိုးတွေ၊ ဗီဇပြောင်းတွေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေ၊ ဟောမုန်းဓာတ် တွေ၊ ပဋိဇီဝဆေးတွေ ပါနေပြန်တယ်။
လူသားတွေ ရှူရှိုက်နေရတဲ့လေထု ကြီးကလည်း ဘေးအန္တရာယ်ဖြစ်လောက်အောင် ညစ်ညမ်းလာပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ လေထုညစ်ညမ်း မှုကြောင့် ကျန်းမာရေးထိခိုက်ပြီး ရောဂါဖြစ်သေဆုံးမှုတွေ များသထက် များလာပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်လာတဲ့နှစ်နှစ်အတွင်းမှာ လူတွေ အိမ်တွင်းပုန်းနေရတာ များလွန်းလို့ ကမ္ဘာ့နိုင်ငံအချို့မှာ လေထုညစ်ညမ်းမှုတွေ သက်သာသွားတဲ့အကြောင်း သုတေသနပြုထားတာ ရှိပါတယ်။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ အစားအစာ မသန့်ရှင်းမှုတွေကို ထပ်ဆင့် ဆိုးရွားစေမှာကတော့ ရာသီဆိုးဖြစ်လာ မှု (Climate Crisis)ပဲဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးနေ့က ပေးတဲ့ ဒုတိယအလုပ်ကတော့ စီးပွားရေးကိစ္စပဲ ဖြစ်ပါတယ်။ “Economics focuses on Health and Well-being” ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်း တွေဟာ လူတွေရဲ့ ကာယသုခ၊ စိတ္တသုခ၊ လူမှုရေးသုခတွေ ရရှိလာဖို့အတွက် စူးစိုက် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေ
ဒီအတွက် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သဘောထား (Attitude) တွေဟာ ပြောင်းလဲဖို့ လိုလာပါတယ်။ “သူ့အိတ်ကပ်ထဲကပိုက်ဆံ ငါ့ဆီရောက်ဖို့” ဆိုတဲ့ အမြတ်ရရေး ရည်ရွယ်ချက်ထက် မြင့်မားပြီး ထုတ်လုပ်သူနဲ့ စားသုံးသူတို့ နှစ်ဦးစလုံး ကျန်းမာချမ်းသာစေမယ့် Win-Win အခြေအနေမျိုးကို ရောက်စေချင်ရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ရာမှာ “လူသားတွေ နေကောင်းကြပါစေ” ဆိုတဲ့ စေတနာမေတ္တာလေး ထားပေးရင် အကောင်းဆုံးပါပဲ။
“ကမ္ဘာတစ်ခု ကျန်းမာမှု” ကို ရရှိ လာစေဖို့အတွက် ဆောင်ရွက်သင့်တဲ့ တတိယလုပ်ငန်းကတော့ ကျန်းမာမှု မြှင့်တင်ရေး (Health Promotion) အတွက် အခြေခံကျတဲ့ အခြေစိုက်လုပ်ငန်း တွေပဲ ဖြစ်ပါတယ်။
“လူတွေနေပျော်တဲ့မြို့” (Liveable Cities) တွေ ဖန်တီးနိုင်မှ မြို့ကြီးပြကြီး တွေမှာ ဖျက်ဆီးလာတဲ့ကပ်ရောဂါဆိုး တွေ၊ ပျက်စီးလာတဲ့လူမှုဆက်ဆံရေးတွေ၊ လုံခြုံရေးတွေ၊ စားနပ်ရိက္ခာနဲ့ ရေဖူလုံရေးတွေ၊ လေထုမသန့်ရှင်းမှုတွေကအစ မြို့ပြရဲ့ ပြဿနာပေါင်းသောင်းခြောက် ထောင်ကို တစ်ခုချင်းစပြီး ရှင်းနိုင်ပါလိမ့်မယ်။ ဒီလိုရှင်းနိုင်ဖို့ဆိုရင်တော့ ကျန်းမာမှု မြှင့်တင်ရေးလုပ်ငန်းရဲ့ အခြေခံသဘော တရားဖြစ်တဲ့ “ကိုယ့်ကျန်းမာရေး ကိုယ်ဖန်တီးနိုင်ခွင့်” (Control over their own Health Determinant) ကို တစ်ဦးချင်းရော၊ မိသားစုနဲ့ လူ့အဖွဲ့ အစည်းမှာရော ရရှိနိုင်ဖို့ လိုအပ်လာပါ တယ်။ ကျန်းမာရေးအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုတွေလည်း ရှိရပါမယ်။
လူထုအခြေစိုက်လုပ်ငန်းတွေ
လူသားတို့ရဲ့ ကျန်းမာရေးအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်ဖို့၊ ကျန်းမာရေးထိခိုက်စေမယ့် လုပ်ငန်းတွေကို ထိန်းချုပ်၊ ကန့်သတ်၊ ဖယ်ရှားဖို့လုပ်ငန်း တွေဟာ လူထုအခြေစိုက်လုပ်ငန်းတွေ ဖြစ်မှသာ ရေရှည်ခံပြီး အောင်မြင်မှု ကြီးမားပါလိမ့်မယ်။
ကျန်းမာရေး လုပ်ငန်းတွေကို လူသားတွေအတွက်ပဲ အာရုံစိုက်ပြီး လုပ်ရုံနဲ့ လုံလောက်မှာလား။ မဖြစ်သေးပါဘူး။ လူတို့နေရာ မြေကမ္ဘာရဲ့ကျန်းမာ ရေးကို လူတွေကမှ ဂရုမစိုက်ရင် နောင်လာနောက်သားတွေအတွက် တာဝန်မကျေရာကျတော့မယ်။ တာဝန် ကျေချင်ရင်တော့ တစ်ခုတည်းသော ကျန်းမာရေး (One Health) ဆိုတဲ့ တွေးခေါ် ဆောင်ရွက်မှုတွေပြုဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
One Health ဆိုတာကို ဖြစ်ဖို့အတွက် သုံးလွန်းတင်တဲ့ကြိုးလိုပဲ လူတွေရဲ့ကျန်းမာရေး (Human’s Health)၊ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေး (Animals’ Health) နဲ့အတူ အပင်တွေရဲ့ ကျန်းမာရေး (Plants’ Health) ဆိုတဲ့ သုံးမျိုးပေါင်းကျန်းမာရေးကို လုပ်ရပါ လိမ့်မယ်။ ဒါမှသာ ကျန်းမာတဲ့ကမ္ဘာကြီး အဖြစ်နဲ့ ရပ်တည်နိုင်လိမ့်မယ်။ ရာသီဆိုး ကြီးကိုလည်း ခံနိုင်ရည်ရှိဖို့၊ ရာသီကောင်း ဖြစ်အောင်လုပ်ဖို့ အင်အားတွေစုမိလိမ့် မယ်။
အခုအချိန်မှာတော့ “Our planet: Our Health” ဆိုပြီး WHO က စည်းရုံး လှုံ့ဆော်နေပေမယ့် တကယ်အ ကောင်အထည်ဖော်နိုင်စွမ်း ရှိ၊ မရှိ စိတ်ပူရတယ်။ ဘာကြောင့်လဲဆိုတာ့ “ကျန်းမာရေး” ဆိုတာကို အကြောင်းပြပြီး နိုင်ငံရေး ကစားပွဲလုပ်နေတဲ့ နေရာတစ်ခုဖြစ်နေတယ်ဆိုတာ အခုကိုဗစ်-၁၉ ကပ်ရောဂါကာလ နှစ်နှစ်တာအတွင်း ပိုပြီးမြင်သာ နေတယ်။ WHO က တရုတ်နိုင်ငံအတွက် မျက်နှာသာပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက အမေရိကန်နိုင်ငံက နုတ်ထွက်ဖို့ ကြိုးစားပြီး သူတာဝန်ရှိ၊ ကတိပြုထားတဲ့ ထည့်ဝင်ငွေတွေကိုပါ ရပ်ဆိုင်းခဲ့တယ်။
ဒါမျိုးက အခုမှဖြစ်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်က ကျွန်တော် WHO ရဲ့ (၃၅) ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တက်ခဲ့ရတာပါ။ ခေါင်းစဉ်ကတော့ ကျန်းမာရေးပညာလုပ်ငန်း (Health Education) အတွက် ဖြစ်ပေမဲ့ နိုင်ငံစုံတက်တဲ့ အစည်းအဝေးထဲမှာ အစ္စရေးနိုင်ငံကို ပါလက်စတိုင်းကိစ္စ အတွက် ပြစ်တင်ရှုတ်ချဖို့ မဲဆန္ဒခံယူပွဲ လုပ်ခဲ့ကြတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် လူများရင်နိုင်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ နိုင်ငံရေးပလက်ဖောင်း ဖန်တီးခဲ့တယ်။ ကျွန်တော်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့ကတော့ နိုင်ငံတော်ရဲ့ မူဝါဒအတိုင်း ကြားနေရေး မူဝါဒကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲခဲ့တာ အမှတ်ရပါတယ်။
အခုလဲ ကိုဗစ်-၁၉ ကပ်ရောဂါကြီးထဲမှာကို နိုင်ငံရေးအသွင် ဖြစ်လာအောင်လုပ်ခြင်း (Politicizing) နဲ့ ဘက်လိုက် ခြင်းတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ပြီး အင်အားနည်းတဲ့ နိုင်ငံငယ်တွေကို လိုအပ်တဲ့ကူညီမှုတွေ မပေးတာတွေကို တွေ့နေရပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးဖြန့်ဖြူးရေးအစီအစဉ် (COVAX) ကိစ္စတွေမှာ နှောင့်နှေးပြီး ငွေရှိတဲ့သူတွေ က သိမ်းကျုံးဝယ်ထားကြတယ်။ နှစ်ကြိမ်ကနေ လေးကြိမ်အထိ ကိုယ့်လူကိုယ်ထိုးပေးနေချိန်မှာ တစ်ကြိမ်မှတောင် ကာကွယ်ဆေး အထိုးမခံရတဲ့ ကမ္ဘာ့ လူသားတွေ များစွာရှိနေပါတယ်။
IHR လို့ခေါ်တဲ့ (International Health Registration) ကိုလည်း ဂရုမစိုက်ဘဲ ကြိုက်သလို လုပ်နေတဲ့ နိုင်ငံကြီးတွေနဲ့ သူတို့နိုင်ငံတွေထဲက နိုင်ငံကြီးသား မပီသတဲ့ နိုင်ငံသားတွေကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ သက်ဆိုးရှည်နေတာကို ပညာရှင်တွေက ပြောလာကြပါတယ်။
ပြီးခဲ့တဲ့အပတ်က ဥရောပမှာ ကိုဗစ်-၁၉ လူနာသစ်ပေါင်း ၅ ဒသမ ၁ သန်း တွေ့ခဲ့ပြီး လူပေါင်း ၁၂,၄၉၆ ယောက်သေခဲ့တာဟာ ဒီကိစ္စကြောင့်ပဲလို့ WHO က ပြောလာပါတယ်။
WHO ကတော့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေတယ်။
ကျွန်တော်တို့ကလည်း ကမ္ဘာကြီးရဲ့ ကျန်းမာရေးနဲ့အတူ WHO ရဲ့ ကျန်းမာရေး ကိုလည်း အထူးပဲ စိုးရိမ်ပါတယ်။