ခြူးစန္ဒီနွေး

 

ကမ္ဘာအနှံ့ ကြောက်ရွံ့ထိတ်လန့်နေရတဲ့ ကိုရိုနာဗိုင်း ရပ်စ်နဲ့ပတ်သက်ပြီး နောက်ထပ်ကြားသိရတဲ့ အချက် အလက်ကတော့ ရောဂါလက္ခဏာပြမယ့်အချိန်ဟာ ၁၄ ရက်ထက် ပိုပြီးကြာမြင့်နိုင်တယ်ဆိုတာပါပဲ။

အခွင့်အလမ်းနည်းပါးလာ

အချိန် ၁၄ ရက်ထက် ပိုပြီးစောင့်ကြည့်ခဲ့တဲ့လူနာတွေ မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရတယ်လို့ သုတေသီတွေက ပြောပါတယ်။ အခုဆိုရင် ဖြစ်ပွားမှုနှုန်းမြင့်တက်နေတာ တရုတ်နိုင်ငံအတွင်းမှာပဲ မဟုတ်တော့ပါဘူး။ တောင်ကို ရီးယား၊ ဂျပန်၊ အီတလီနဲ့ အီရန်တို့မှာ ကူးစက်ခံရမှုနှုန်း ဟာ မြင့်မားလာတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို ရပ်တန့်ဖို့အတွက် အခွင့်အလမ်း နည်းပါးသွားပြီလို့ သတိပေးခဲ့ပါတယ်။ ဝူဟန်မြို့အတွင်း အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်ပြီး ရှုပ်ထွေးနေဆဲပဲ လို့တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ထိန်းချုပ်ဖို့ခက်ခဲ

ဒီဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ တစ်ကမ္ဘာလုံးအနှံ့ပျံ့သွားနိုင် ပြီး ထိန်းချုပ်ဖို့ ခက်ခဲလာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေ က သတိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံပြီးရင် ကိုရိုနာ ဗိုင်းရပ်စ် အဖြစ်အများဆုံးကတော့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ပါပဲ။ ဖေဖော်ဝါရီ ၂၃ ရက်မှာတော့ တောင်ကိုရီးယားမှာ ကူးစက်ခံရသူအရေအတွက်ဟာ ၆၀၂ ဦးအထိ ရှိလာခဲ့ပါပြီ။ Diamond Princess အပျော်စီးသင်္ဘောပေါ်က ကူးစက်ခံရတဲ့ အရေအတွက် အပြင် တောင်ကိုရီးယားဟာ တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးပမာဏပဲ ဖြစ်နေပါတယ်။

တောင်ကိုရီးယား၌ ဖြစ်ပွားမှု

တောင်ကိုရီးယားမှာ ကူးစက်ခံရတဲ့ သုံးပုံနှစ်ပုံ ကတော့ ဒေဂူမြို့ကပဲ ဖြစ်ပါတယ်။ ဒေဂူမြို့က ရှန်ချန်းဂျီ ဘုရားကျောင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ဘုရားကျောင်းမှာပြုလုပ်တဲ့ အသုဘပွဲကို လာကြရင်း လူ ၁၁၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ရပါတယ်။ အဲဒီထဲက လူနာနှစ်ဦးကတော့ သေဆုံး သွားခဲ့ပါပြီ။ အသက် ၅၇ နှစ်အရွယ် လူနာတစ်ဦးကတော့ ဒေနမ်ဆေးရုံမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံး သွားခဲ့ရပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံအတွင်း လေးဦးမြောက်သေဆုံးသူလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအတွင်းကူးစက်ခံရမှု

ဂျပန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ဖေဖော်ဝါရီ ၂၂ ရက်မှာ ၁၂၁ ဦး အထိ မြင့်တက်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းကူးစက်ခံရသူ အရေ အတွက်ကတော့ ၇၅၀ ကျော်လာပါပြီ။ တိုကျိုမြို့ အရှေ့ပိုင်း မူလတန်းကျောင်းက အသက် ၆၀ ဝန်းကျင်အရွယ်ဆရာမမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ချီဘာ မြို့တော်ဝန်က အဲဒီကျောင်းကို ဗုဒ္ဓဟူးနေ့မတိုင်ခင် အချိန် အထိ ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီဆရာမဟာ လွန်ခဲ့တဲ့ နှစ်ပတ်တာအတွင်း နိုင်ငံရပ်ခြားသို့ ခရီးသွား ခဲ့ခြင်းလည်း မရှိသလို ကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ တာမျိုးလည်း မရှိခဲ့ပါဘူး။ ဒီအချက်တွေ အခြေခံ ကြည့်မယ်ဆိုရင် အဲဒီဗိုင်းရပ်စ်ဟာ နိုင်ငံအတွင်း မမြင်နိုင် လောက်အောင် ပျံ့နှံ့နေပြီလို့ ကျွမ်းကျင်သူတွေက ပြောပါ တယ်။

အစ္စရေးနိုင်ငံ၏အခြေအနေ

တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသွား ကိုးဦးဟာ မကြာသေးခင်အချိန်ကမှ အစ္စရေးနိုင်ငံနဲ့ အနောက်ဘက် ကမ်းကိုသွားရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီ ခရီးသည်တွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့လူတွေကို အာဏာပိုင် များထံ သတင်းလာပေးဖို့နဲ့ သီးခြားခွဲနေဖို့ အစ္စရေးနဲ့ပါလက် စတိုင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

တရုတ်တွင် ကူးစက်မှုမြင့်နေဆဲ

တရုတ်နိုင်ငံရဲ့အခြေအနေကေတော့ ကူးစက်ခံရမှုနှုန်း မြင့်နေတုန်းပါပဲ။ ဖေဖော်ဝါရီ ၂၃ ရက်မှာတော့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ နောက်ထပ် ၆၄၈ ဦးတွေ့ရှိရပြီး ၉၇ ဦး ကတော့သေဆုံးသွားခဲ့ပြီ။ ဒါကြောင့် ရောဂါလက္ခဏာပြသဖို့ အချိန်ဟာ ၁၄ ရက်ထက်ပိုမိုကြာမြင့်နိုင်တယ်ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေလေ့လာခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ဟူပေပြည်နယ်က အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့် ရက်ပေါင်း ၂၇ ရက်ထိတိုင်အောင် ရောဂါလက္ခဏာတွေမပြသခဲ့ပါဘူးလို့ ဒေသအစိုးရက ပြောပါတယ်။ တရုတ်နိုင်ငံအတွင်း ကိုရိုနာကြောင့် သေဆုံးမှုမြင့်တက်နေတဲ့အချိန်မှာ အီရန် နိုင်ငံမှာလည်း ခြောက်ဦးသေဆုံးသွားခဲ့ပါတယ်။

အီတလီနိုင်ငံ၏ လက်တလောအခြေအနေ

ဥရောပမှာ ကူးစက်မှုမြင့်နေတာကတော့ အီတလီပါ။ ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ အီတလီအာဏာပိုင်တွေဟာ အီတလီနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်လာတာကို အတည်ပြုပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်တာအတွင်းမှာပဲ ကူးစက်ခံရသူအရေအတွက်ဟာ ၅၈ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒီပမာဏဟာဥရောပမှာတော့အများဆုံးပမာဏပါပဲ။ ဒီအချိန်မှာပဲ တရုတ်နိုင်ငံ က သိပ္ပံပညာရှင်တွေက ဒီဗိုင်းရပ်စ်ဟာ ဆီးထဲက တစ်ဆင့်လည်း ကူးစက်နိုင်တယ်ဆိုတာကို အစီရင်ခံ တင်ပြခဲ့ပါတယ်။

အီတလီနိုင်ငံအတွင်းမှာ ကူးစက်ခံရမှုမြင့်တက်လာ တဲ့အတွက် လူပေါင်း ၅၀၀၀ဝ ကို နေအိမ်မှာပဲနေဖို့ ပြောထားလို့ မီလန်မြို့တောင်ဘက် မြို့ ၁၀ မြို့မှာ ဘာသာရေးပွဲတွေအပြင် အခြားသော ပွဲတွေကိုလည်း တက်ရောက်ခြင်းမပြုဖို့ အမိန့်ထုတ်ထားပါတယ်။

ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အရေအတွက်ကတော့ ၇၈၀၀၀ ရှိပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ကျွမ်းကျင်သူတွေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့အပါအဝင် အခြားမြို့သုံးမြို့ကို လည်း သွားရောက်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အာဖရိကအတွက်ပြင်ဆင်မှု

တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းသို့မဟုတ် ရောဂါ ဖြစ်ပွားနေသူနဲ့ ထိတွေ့ခဲ့ခြင်းမရှိဘဲနဲ့ တရုတ်နိုင်ငံပြင်ပ မှာ ကူးစက်ခံရသူအရေအတွက် မြင့်တက်လာတာကို တော့ စိုးရိမ်မိတယ်လို့ သူက ဆက်ပြောပါတယ်။

အခုဆိုရင် အာဖရိကကိုလည်း ဆေးဝါးထောက်ပံ့ပေး မှုတွေ ပြုလုပ်ထားပြီး အာဖရိကဒေသမှာ ဗိုင်းရပ်စ် ပျံ့နှံ့လာခဲ့ရင် အကောင်းဆုံးလုပ်ဆောင်မှုတွေ လုပ်နိုင်ဖို့ အဲဒီက ကျန်းမာရေးလုပ်သားတွေကိုလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက လေ့ကျင့်မှုတွေ ပြုလုပ်ပေး ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ အာဖရိကတစ်လွှား အီဂျစ်တစ်နိုင်ငံမှာသာ ကူးစက်ခံရသူကို တွေ့ရှိရပါ သေးတယ်။ COVID -19 လို့ အမည်ပေးထားတဲ့ဗိုင်းရပ်စ် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့နိုင်ငံတွေဆီပျံ့နှံ့လာမှာကိုစိုးရိမ်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ အမေရိကန်နိုင်ငံ မှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တုံ့ပြန်မှု တွေအပေါ် ပြည်တွင်းမှာ ရုန်းကန်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။

အီရတ်နှင့်ကူဝိတ်တို့၏ တုံ့ပြန်မှု

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အီရတ်နဲ့ ကူဝိတ်နိုင်ငံတို့ဟာ အီရန်နဲ့ တိုက်ရိုက်လေကြောင်း လိုင်းတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။ အီရန်နိုင်ငံသား တွေအတွက် ဗီဇာကိုလည်း အီရတ်နိုင်ငံဘက်က ခေတ္တ ရပ်ဆိုင်းထားခဲ့ပါတယ်။

အီရန်နိုင်ငံကို မကြာသေးခင်ကမှ သွားရောက်ခဲ့တဲ့ တူရကီနိုင်ငံသားတွေကိုလည်း ပြည်ဝင်ခွင့် ကန့်သတ်မှု တွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ ကမ္ဘာတစ်လွှားမှကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ နိုင်ငံအလိုက် တုံ့ပြန်လှုပ်ရှား နေမှုတွေပဲ ဖြစ်ပါတယ်။ ။

ကိုးကား -ဝါရှင်တန်ပို့စ်

မြန်မာ့အလင်း