ကမ္ဘာတစ်ဝန်း အဖြစ်များသည့် ကင်ဆာရောဂါ ကာကွယ်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်မည်

နေပြည်တော် ၅ ဖေဖော်ဝါရီ

 

ကမ္ဘာတွင် ကင်ဆာရောဂါကြောင့် သေဆုံးမှုသည် HIV, AIDS ရောဂါကြောင့် သေဆုံးမှုထက် ပိုမိုများပြားလာမှုကြောင့် ကင်ဆာရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး လူထုအတွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ဖြန့်ဝေပေးနိုင်ရန် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

 

ကမ္ဘာတစ်ဝန်း အဖြစ်များလာသည့် ကင်ဆာရောဂါကို ပြည်သူလူထု သတိပြုမိလာစေရန်၊ ကင်ဆာ ရောဂါနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများကို ပြည်သူများအား ဖြန့်ဝေပေးနိုင်ရန်၊ ကင်ဆာရောဂါ တိုက်ဖျက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ချုပ်သူများ၊ နယ်ပယ်အသီးသီးမှ စိတ်ပါဝင်စား သူများနှင့် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း မန္တလေးက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့(World Cancer Day 2018) အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည်။

 

“ကင်ဆာဆိုတာ လူတိုင်းကြောက်ပါတယ်၊ လူတိုင်းဖြစ်နိုင်ပါတယ်၊ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေဆိုရင် နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်၊ စာရင်းဇယားတွေကြည့်လိုက်ရင် ကမ္ဘာမှာ ကင်ဆာဖြစ်နှုန်းက တဖြည်းဖြည်း တက်လာတယ်၊ မန္တလေးဆေးရုံကြီးမှာလည်း စာရင်းဇယားတွေအရ ၂၀၁၂ ခုနှစ်က သုံးထောင်ကျော်လောက်တက်တယ်၊ ၂၀၁၆ ရောက်တော့ ငါးထောင်ကျော်ဆိုတော့ တော်တော်များလာတယ်၊ ကာကွယ်လို့ရတဲ့ ကင်ဆာတွေ ရှိပါတယ်၊ ဒါကို ဘယ်လို စုပေါင်း ကာကွယ်မလဲဆိုတာ အသိပညာပေးရမယ် " ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 

ကင်ဆာရောဂါသည် ယနေ့ကမ္ဘာတွင် ကပ်ရောဂါအသွင်ဖြင့် နိုင်ငံတိုင်းကို ခြိမ်းခြောက်လျက်ရှိပြီး စစ်တမ်းများအရ ၂၀၁၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားသူဦးရေ (လူနာသစ်) ၁၄ ဒသမ ၁ သန်း ရှိခဲ့ကာ အဆိုပါ နှစ်အတွင်း ယင်းကြောင့် သေဆုံးသူ ၈ ဒသမ ၂ သန်းရှိခဲ့သည်။

 

ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ကို နှစ်စဉ်ဦးတည်ချက် ဆောင်ပုဒ်တစ်ခု သတ်မှတ်ပေးပြီး ဖေဖော်ဝါရီ ၄ ရက် ရောက်တိုင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပလျက်ရှိရာ ၂၀၁၆/ ၂၀၁၇/ ၂၀၁၈ ခုနှစ် (၃)နှစ် အတွက် ဆောင်ပုဒ်မှာ "We Can. I Can." အများစုပေါင်း အားဖြင့်သော်လည်းကောင်း၊ တစ်ဦးအားဖြင့်သော်လည်းကောင်း ကင်ဆာအဖြစ်ဆိုးကြီးကို စုပေါင်းကာကွယ် တိုက်ဖျက်ကြပါစို့ဟူ၍ ဖြစ်သည်။

 

ကမ္ဘာ့ကင်ဆာတိုက်ဖျက်ရေးနေ့သည် ၂၀ဝ၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ပဲရစ်မြို့တွင် ပြုလုပ်သော World Summit Against Cancer for the New Millenium မှ ထုတ်ပြန်ခဲ့သော ပဲရစ်ကြေညာစာတမ်းမှ အစပြု၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို Union for International Cancer Control (UICC) က ဦးဆောင်ကာ ၂၀ဝ၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။

 

MDN