ဂျီနီဗာ အောက်တိုဘာ ၇
ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၃၀၀ ကျော် အိုးအိမ်မဲ့ဘဝနှင့် နေထိုင်နေရပြီး ရှစ်ဦးလျှင်တစ်ဦး ပုံမှန်မဟုတ်သော ဘဝနေထိုင်မှုပုံစံများနှင့် နေထိုင်နေရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။
အောက်တိုဘာ ၆ ရက်တွင် ကျင်းပသည့် ကမ္ဘာ့နေထိုင်ရေးနေ့တွင် လျင်မြန်စွာ မြို့ပြဖွံ့ဖြိုး တိုးတက်လာသော ကမ္ဘာကြီးတွင် ကမ္ဘာ့နိုင်ငံတစ်ဝန်းရှိ မြို့များသည် ယနေ့မျက်မှောက်လောက ကပ်ဘေးများ၏ အကျိုးသက်ရောက်မှုကို ဆိုးရွားစွာကြုံတွေ့ခံစားနေရကြောင်း၊ ပဋိပက္ခများ၊ နိုင်ငံရေးမငြိမ်သက်မှုများ၊ ရာသီဥတုအရေးပေါ်အခြေအနေများကြောင့် လူပေါင်း ၁၂၃ သန်း ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာလာကြပြီး ပိုမိုဘေးကင်းလုံခြုံသောနေရာများရှာဖွေလာကြောင်း ဖော်ပြ ထားသည်။
ဘေးအန္တရာယ်အသစ်များ တိုးလာနေချိန်တွင် တစ်ဖက်တွင်လည်း ကျန်းမာရေးဝန်ဆောင်မှုများ၊ ရေစနစ်များနှင့် သယ်ယူပို့ဆောင်ရေး ကွန်ရက်များချဲ့ထွင်ရန် လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။
မြို့ကြီးပြကြီးများသည် နေစရာမရှိသူများအတွက် သင့်တော်သည့် ဖြေရှင်းနည်းများ အမြစ်တွယ်ကြီးထွားလာသောနေရာများဖြစ်သော်လည်း အသစ်ဝင်ရောက်နေထိုင်သူများသည် စီးပွားရေးကို တွန်းအားပေးလုပ်ဆောင်ရန်၊ လူမှုအသိုင်းအဝိုင်းကို အားကောင်းလာစေရန်နှင့် ယဉ်ကျေးမှုကြွယ်ဝလာစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆင်ဟွာ


