စိုးသူရ
ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိနေရသည်။ ခရီးသွားလုပ်ငန်း တိုးတက်လာခြင်းသည် ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူရန် အကူအညီပေးသည်။ ခရီးသွားလုပ်ငန်းမှတစ်ဆင့် နိုင်ငံအသီးသီး၏ ထုတ်ကုန်များကို ပြည်ပခရီးသွားများအား ရောင်းချခြင်းဖြင့် ဝင်ငွေရရှိမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ ခရီးသွားလုပ်ငန်းတိုးတက်လာ ခြင်းကို အောက်ပါအတိုင်း တွေ့ရှိရသည်။
တရုတ်နိုင်ငံ
တရုတ်နိုင်ငံတွင် ယမန်နှစ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရသည်။ တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်လာရခြင်းမှာ နိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ ခေတ်မီသည့် နည်းပညာဆိုင်ရာလုပ်ငန်းများ တိုးတက်နေသည့် ဒေသများကို ပြည်ပခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်လာခြင်း ကြောင့်ဖြစ်သည်။
နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဂျာမနီ၊ မလေးရှား နှင့် စပိန်နိုင်ငံတို့မှ ခရီးသွားများအား ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုပြီး ၁၅ ရက်နေထိုင်လည်ပတ် ခွင့်ပြုခဲ့သည်။
နော်ဝေနိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပသည့် ခရီးသွားလုပ်ငန်းပြပွဲတွင် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု လက်ရာများနှင့် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုခြင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြသခဲ့ရာ ပြပွဲတက်ရောက်လာသူများအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံသည် မိမိ၏ သွားရောက်လည်ပတ်လိုသည့် နိုင်ငံတစ်ခုဖြစ်ပြီး ပြပွဲတွင်ရှင်းလင်းပြောကြားသည့် တရုတ်နိုင်ငံ၏ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပြုသည့် အကြောင်းအရာများက မိမိနှင့် မိတ်ဆွေများအတွက် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆွဲဆောင်ခဲ့သည်ဟု နော်ဝေနိုင်ငံသားတစ်ဦးဖြစ်သည့် အန်နီကင်အန်ဗတ်က ပြောကြားသည်။ ၎င်းပြပွဲတွင် ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းပြသသူ ဇန်လီမင်က နော်ဝေနိုင်ငံသားများအကြား တရုတ်နိုင်ငံသို့ သွားရောက်လိုသည့် ဆန္ဒပြင်းပြလာ သည်ကိုတွေ့ရှိရကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပေကျင်းဒိုက်ဇင်အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ပြည်ပခရီးသွားများအတွက် ယခုနှစ်မှစတင်၍ ဝန်ဆောင်မှုပေးသည့် ကောင်တာများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၎င်းကောင်တာများတွင် ငွေကြေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းများအတွက် ပြည်ပခရီးသွားများအား ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ ဆောင်ရွက်ပေးမည့် လုပ်ငန်းများတွင် ခရီးသွားများအတွက် ဘဏ်မှငွေထုတ်ခြင်း၊ ငွေလဲလှယ်ခြင်း၊ ဆင်းကတ်ဝယ်ယူခြင်း၊ နိုင်ငံအတွင်းရှိ ခရီးသွားနေရာများ သွားရောက်ရန်စီစဉ်ပေးခြင်းတို့ကို ဝန်ဆောင်မှုပေးသည်။ ပြည်ပခရီးသွားများ နိုင်ငံအတွင်း ခေတ္တလာရောက်ရာတွင် အဆင်ပြေစေရေးအတွက် ယမန်နှစ် ဒီဇင်ဘာ ၁၇ ရက်တွင် နိုင်ငံအတွင်း လာရောက်သည့် တစ်ထောက်နား ခရီးသည်များ အတွက် ပြည်ဝင်ခွင့်ဗီဇာကို နာရီပေါင်း ၂၄၀ အထိ ခွင့်ပြုသည့်မူဝါဒကို ချမှတ်ခဲ့သည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် Tourism Plus Shanghai 2025 ဟု အမည်ရသည့် ခရီးသွားကုန်စည် ပြပွဲကို ယခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၃ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။
၎င်းပြပွဲတွင် ပြခန်းပေါင်း ၆၀၀၀ ကျော်ရှိပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်မှ ခရီးသွား ၄၅၀၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ရန် မျှော်မှန်းထား ကြောင်း သိရသည်။
ပွဲစီစဉ်သူများ၏အဆိုအရ ကုန်စည်ပြပွဲတွင် ခရီးသွားလုပ်ငန်း၊ အစားအသောက်နှင့် အဖျော် ယမကာ၊ လက်လီ၊ စီးပွားဖြစ် အိမ်ခြံမြေနှင့် ကျန်းမာရေး စသည့်ကဏ္ဍများမှ လုပ်ငန်း ၁၄ ခုကို ပြသမည် ဖြစ်ကာ ခရီးသွားလုပ်ငန်းကို မြှင့်တင်မည်ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံသို့ ယမန်နှစ်အတွင်း ပြည်ပခရီးသွား ၆ ဒသမ ၇ သန်း ဝင်ရောက်ခဲ့ပြီး ၂၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟန်ဒါနီက ပြောကြားသည်။ နိုင်ငံအတွင်းသို့ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ လာအိုနှင့် အမေရိကန်နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ငြိမ်းချမ်းခြင်း၊ သွားလာလည်ပတ်စရာ ခရီးသွားနေရာများရှိခြင်းနှင့် နိုင်ငံသားများ၏ ဖော်ရွေမှုတို့ကြောင့် ခရီးသွားများလာရောက်လည်ပတ်မှုများပြားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ယခုနှစ် နှစ်စပိုင်းမှ စတင်၍ ကမ္ဘောဒီးယားအစိုးရသည် ပြည်ဝင်ခွင့်ဗီဇာနှုန်းထားများကို လျှော့ချပေးခြင်းဖြင့် ခရီးသွားများကို ဆွဲဆောင်ခဲ့သည်။ ယခုနှစ်အတွင်း နိုင်ငံအတွင်းသို့ ခရီးသွား ခုနစ်သန်း လာရောက် ရန်ရည်မှန်းချက် ထားဆောင်ရွက်နေပြီး ပြည်ဝင်ခွင့်ဗီဇာနှုန်းထား လျှော့ချခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ နိုင်ငံအတွင်း လာရောက်စေရေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း ဆီရမ်ယိပြည်နယ်တွင် ယူနက်စကို အမွေအနှစ်စာရင်းဝင် အန်ကောရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတည်ရှိပြီး ၎င်းနေရာသို့ ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိရာ ပြည်ပမှ ဝင်ငွေများရရှိနေသည်။
အန်ကော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တွင် ၉ ရာစုမှ ၁၅ ရာစုအထိ ခမာအင်ပါယာ၏ မြို့တော်အမျိုးမျိုး၏ ခမ်းနားထည်ဝါသော အကြွင်း အကျန်များကို တွေ့ရှိနိုင်သည်။
ခရီးသွားလုပ်ငန်းသည် အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ပြည်ပပို့ကုန်တင်ပို့သည့် လုပ်ငန်းများနှင့် အတူ နိုင်ငံ၏ဝင်ငွေကို ရှာဖွေပေး နေသည့်လုပ်ငန်းဖြစ်သည်။
မလေးရှားနိုင်ငံ
မလေးရှားနိုင်ငံတွင် ၂၀၂၆ ခုနှစ် မလေးရှား နိုင်ငံ ခရီးသွားလာရေးလှုပ်ရှားမှု စတင်ဆောင်ရွက်သည့် အခမ်းအနားကို ဇန်နဝါရီ ၆ ရက်တွင် ဝန်ကြီးချုပ် အဏ္ဏဝါ အီဗရာဟင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ယခုခရီးသွားလာရေး အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်းသည် မလေးရှားနိုင်ငံအား ကမ္ဘာ့အဆင့်မီ ခရီးသွားနေရာတစ်ခု ဖြစ်လာစေရေး အောင်မြင်သည့်ဆောင်ရွက်ချက် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ခရီးသွားလုပ်ငန်း အောင်မြင်ရေးအတွက် ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်က ညွှန်ကြားထားသည်။ အာဆီယံအလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်မည့် ယခုနှစ်နှင့် ခရီးသွားလုပ်ငန်းနှစ် ဖြစ်သည့် လာမည့်နှစ်များတွင် နိုင်ငံအတွင်းသို့ ခရီးသွားဝင်ရောက်မှု များလာစေရေးအတွက် ခရီးသွား လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်မည်ဟု သိရသည်။ မလေးရှား နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားအရေအတွက် ၃၅ ဒသမ ၆ သန်း ဝင်ရောက်ရန် မျှော်မှန်းထားပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ရင်းဂစ် ၁၄၇ ဒသမ ၁ ဘီလီယံရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိသည်။
ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုမြင့်တက် လာမည်ဖြစ်သည်။
ကိုးကား-ဆင်ဟွာ