စိုးသူရ

 

ကမ္ဘာတစ်ဝန်းတွင် ရုပ်ကြွင်းလောင်စာသုံးစွဲမှုလျှော့ချရေး ဆောင်ရွက်လာသည်ကိုတွေ့ရှိရပြီး ကားများ ထုတ်လုပ်ရာတွင်လည်း လောင်စာဆီစွမ်းအင်သုံးကားများအစား သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် လျှပ်စစ်ကားများကိုသာ ပြောင်းလဲထုတ်လုပ်လာကြသည်ကိုတွေ့ရှိရသည်။

 

ကမ္ဘာ့နိုင်ငံများတွင် လျှပ်စစ်ကားသုံးစွဲရေး ဆောင်ရွက်နေမှုကို အောက်ပါအတိုင်းတွေ့ရှိရသည်။

 

အီသီယိုးပီးယားနိုင်ငံတွင် လျှပ်စစ်ကားထုတ် လုပ်သည့်လုပ်ငန်းများကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း အီသီယိုးပီးယား အစိုးရက မကြာသေးမီက ကြေညာခဲ့သည်။

 

ယင်းသည် နိုင်ငံအတွင်း လျှပ်စစ်ကားသုံးစွဲမှု မြှင့်တင်ရန် အစိုးရ၏ အမြော်အမြင်ကြီးမားသည့် ဆောင်ရွက်ချက်ဖြစ်သည်။ လက်ရှိအချိန်တွင် အမျိုးသားအဆင့် လျှပ်စစ်ကားထုတ်လုပ်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင် ရွက်နေပြီး ထိုဆောင်ရွက်မှုတွင် ပုဂ္ဂလိကကဏ္ဍမှ လည်း အားဖြည့်ကူညီနေသည်။ နိုင်ငံအတွင်း လျှပ်စစ်ကားထုတ်လုပ်ဖြန့်ဖြူးနေသည့် ပြည်တွင်းနှင့် နိုင်ငံခြားမှလုပ်ငန်းများ လုပ်ငန်း ဆောင်ရွက်မှု အဆင်ပြေစေရေးအတွက် ရေခံမြေခံကောင်းတစ်ရပ်ဖန်တီးပေးရန် အစိုးရက စီစဉ်ဆောင်ရွက် နေကြောင်း ပို့ဆောင်ရေးဝန်ကြီး ဗာရီယို ဟက်ဆန် က ပြောကြားသည်။ လျှပ်စစ်ကားထုတ်လုပ်ရေးတွင် အဆင်ပြေစေရေးအတွက် လျှပ်စစ်ကားအားသွင်းရုံများ တည်ထောင်ခြင်းနှင့် လျှပ်စစ်ကားထုတ်လုပ် ရေးအတွက် မြေငှားရမ်းပေးခြင်းတို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။

 

လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် လျှပ်စစ်ကားထုတ်လုပ်ရန်အတွက် အရင်းအမြစ်များ များပြားလာစေရေး ဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုမည့် ပို့ဆောင် ရေးစနစ်ကို နိုင်ငံအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည်ဟုသိရသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ လမ်းများ၌ လျှပ်စစ်ကား အရေအတွက် တစ်သိန်းခန့်ရှိရာမှ နောင်ဆယ်နှစ်အတွင်း လမ်းများပေါ်တွင် လျှပ်စစ်ကားအရေအတွက် ငါးသိန်းခန့်ရှိလာစေရေး ဆောင်ရွက်ခြင်းဖြင့် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကိုလျှော့ချပြီး လျှပ်စစ်ကား သုံးစွဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုရေးရည်မှန်းထားသည်။ တရုတ်လျှပ်စစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ ဘီဝိုင်ဒီကလည်း အီသီယိုးပီးယားနိုင်ငံတွင် လုပ်ငန်းခွဲလာရောက် ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံ၏ လျှပ်စစ်ကားသုံးစွဲမှု ကဏ္ဍကို ကူညီပေးနေသည်။ လျှပ်စစ်ကားများ အသုံးပြုခြင်းဖြင့် နိုင်ငံအတွက် ပြည်ပမှ လောင်စာဆီများ ဝယ်ယူတင်သွင်း‌နေရသဖြင့် သုံးစွဲနေရသည့် ငွေကြေးများ သက်သာစေနိုင်ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းလျှပ်စစ်ကားထုတ်လုပ်မှုကို မြှင့်တင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကား ဈေးကွက်တွင် ထိပ်တန်းနေရာရရှိ ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံအတွင်း ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ကားစီးရေ နှစ်သန်းနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် ဆယ့်သုံးသန်းထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်နေသည်။ လက်ရှိအချိန်တွင် လျှပ်စစ်ကားထုတ်လုပ်ရောင်းချခြင်းအတွက် အခွန်လျှော့ချခြင်းကို ဆောင်ရွက်နေပြီး ၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ်ကားအစီးရေ ၁၇၀၀၀ ကို ရောင်းချခဲ့သည်။

 

နိုင်ငံအတွင်း လျှပ်စစ်ကားဘက်ထရီ ထုတ်လုပ်သည့် စက်ရုံကိုလည်း အနောက်ဂျာဗားပြည်နယ်တွင် ဖွင့်လှစ်ထားသည်။

 

ရုရှားနိုင်ငံသားများသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်ကားများကို စိတ်ဝင်စားမှု တိုးလာနေကြောင်း ရုရှားကျွမ်းကျင်သူတစ်ဦးက မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

 

တရုတ်လျှပ်စစ်ကားများသည် ရုရှားနိုင်ငံတွင် အလွန်ရေပန်းစားပြီး ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံတွင် လျှပ်စစ်ကား အစီးရေ ၁၄၀၀၀ ရောင်းချခဲ့ရပြီး ၎င်းတို့အနက် တရုတ်နိုင်ငံမှ Zeekr အမှတ်တံဆိပ် လျှပ်စစ်ကားသည် အများဆုံးရောင်းချရကာ စုစုပေါင်းရောင်းချရမှု၏ ၂၆ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။ ထို့ပြင် အခြား တရုတ်လျှပ်စစ်ကားဖြစ်သည့် Voyah သည် ရုရှားနိုင်ငံတွင် လျှပ်စစ်ကားရောင်းချမှု၏ အဆင့် (၅)နေရာ ရောက်ရှိခဲ့ကြောင်းလည်းသိရသည်။

 

ရုရှားနိုင်ငံ၏ လျှပ်စစ်ကားစျေးကွက်သည် အစိုးရက ဥပဒေပြုထောက်ခံမှု၊ ဆက်စပ်ထောက်ပံ့ကြေးဆိုင်ရာ ဆောင်ရွက်မှုများ ဆောင်ရွက်ပေးခြင်း၊ အမှတ်တံဆိပ်ရွေးချယ်နိုင်ခွင့် တိုးမြင့်လာမှုနှင့် အားသွင်းရုံများ တည်ထောင်နိုင်ခြင်းတို့ကြောင့် တိုးတက်မှုများရှိလာမည်ဟု လေ့လာသူများက ယုံကြည်ကြသည်။

 

ရုရှားအစိုးရသည် ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် အရောက်တွင် နိုင်ငံအတွင်း လျှပ်စစ်ကားများ ထုတ်လုပ်ရေးနှင့် မြှင့်တင်ရေး မဟာဗျူဟာကို ချမှတ်ခဲ့သည်။

 

မလေးရှားနိုင်ငံသည် လျှပ်စစ်ကားထုတ်လုပ်မှုကို ၂၀၃၀ ပြည့်နှစ်အရောက်တွင် စုစုပေါင်း စက်မှုလုပ်ငန်းပမာဏ၏ ၁၅ ရာခိုင်နှုန်းရှိလာစေရေး နှင့် ၂၀၅၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်းရှိလာစေရေး ရည်မှန်းထားပြီး ၎င်းရည်မှန်းချက်သည် နိုင်ငံ အတွင်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် အမျိုးသားစွမ်းအင် အသွင်ကူးပြောင်းရေးလုပ်ငန်း တို့နှင့် ကိုက်ညီကြောင်းတွေ့ရှိရသည်။

 

မလေးရှား အစိမ်းရောင်နည်းပညာနှင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးအဖွဲ့ စီအီးအို ရှန်စဲ ဗဟာမော့နောက အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းမှုကြောင့် မလေးရှားသည်၎င်း၏ လျှပ်စစ်ကား သုံးစွဲမှုမူဝါဒများ အောင်မြင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

 

၂၀၂၅ ခုနှစ်အရောက်တွင် ဝန်ကြီးဌာနအားလုံးအတွက် ဝယ်ယူသော သို့မဟုတ် ငှားရမ်းမည့်ကားများ၏ ထက်ဝက်သည် လျှပ်စစ်ကားများဖြစ် ရမည်ဟု အစိုးရက ကန့်သတ်ထားသည်။

 

၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကားအားသွင်းရန် အားသွင်းရုံ တစ်သောင်းကို တည်ထောင်ရန် ရည်မှန်းထားသည်။ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများတွင် လျှပ်စစ်ကား သုံးစွဲမှုများပြားလာသည်နှင့်အမျှ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု လျှော့နည်းလာပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုကာ ရာသီဥတုပြောင်းလဲရေးအတွက် ပံ့ပိုးပေးမည်ဖြစ်သည်။

 

ကိုးကား -ဆင်ဟွာ