၁၆ ဇန်နဝါရီ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကြီးက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကြောင့် သေဆုံးသူ ၂ သန်းကျော်သွားချိန်မှာ ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေကို လျင်မြန်စွာဆောင်ရွက်ကြဖို့ သောကြာနေ့က တိုက်တွန်းပြောကြားပါတယ်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက် ညပိုင်းအထိ သေဆုံးဟာ ၂,၀၀၀,၀၆၆ ဦးရှိကြောင်း သိရပါတယ်။
WHO အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Dr Tedros Adhanom Ghebreyesus က လာမယ့် ရက် ၁၀၀ အတွင်း နိုင်ငံတိုင်းက ကာကွယ်ဆေး ထိုးနှံပေးတာမျိုးကို မြင်ချင်ကြောင်း၊ အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းတွေဟာ ဘေးအန္တရာယ်ကင်းနိုင်ကြောင်း မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
ကပ်ရောဂါပိုးဟာ အခုဆိုရင် တဖြေးဖြေးနဲ့ ကြီးထွားလာပြီး ကမ္ဘာ့နိုင်ငံတွေမှာ နေ့စဉ် ပိုးတွေ့သူဟာ ၇၂၄,၀၀၀ ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပိုးတွေ့နှုန်း အရင်သီတင်းပတ်က ပိုးတွေ့နှုန်းထက် ၁၀ ရာခိုင်နှုန်း များလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
လက်တင်အမေရိကနဲ့ ကယ်ရီဘီယန် နိုင်ငံတွေမှာ ပိုးတွေ့နှုန်းဟာ ၂၆ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါတယ်။ အလားတူ စပိန်ကနေ လက်ဘနွန်အထိ နိုင်ငံတွေမှာလည်း ပိုးတွေ့ရှိသူ များနေတာကို တွေ့ရပါတယ်။
ဥရောပနိုင်ငံတွေမှာ ကပ်ရောဂါပိုးကြောင့် သေဆုံးသူ ၆၅၀,၀၀၀ ကျော်သွားချိန်မှာ Pfizer ထုတ်ကာကွယ်ဆေးဟာ ထုတ်လုပ်နှုန်း အရှိန်လျော့ကျသွားတဲ့အတွက် စိုးရိမ်မှုတွေက ဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် မတ်လမှာ ကာကွယ်ဆေး တင်ပို့မှုတွေ သိသိသာသာများမယ်လို့ ဆေးကုမ္ပဏီက အခိုင်အမာပြောကြားထားပါတယ်။
MDN
ကိုးကား - AFP