ထွန်းကျော်

ကမ္ဘာတစ်ဝန်း မျောက်ကျောက်လို့ခေါ်တဲ့ monkeypox ရောဂါကူးစက်ဖြစ်ပွားမှု လျင်မြန်စွာ ဖြစ်ပွားနေချိန်မှာ အမေရိကန်နိုင်ငံအစိုးရက monkeypox ရောဂါ စစ်ဆေးမှုတွေကို တိုးချဲ့ လုပ်ဆောင်သွားဖို့ ကြေညာထားပါတယ်။

စမ်းသပ်သွားဖို့စီစဉ် 

ဇွန် ၂၃ ရက်အထိ အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ ပြည်နယ်ပေါင်း ၂၅ ခုမှာ monkeypox ရောဂါ ကူးစက်ဖြစ်ပွားနေသူပေါင်း ၁၇၃ ဦး ရှိတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနရဲ့နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ 

အမေရိကန်ပြည်ထောင်စုဟာ monkeypox ရောဂါ စတင်စမ်းသပ်စစ်ဆေးမယ့် အစီအစဉ်ကို နိုင်ငံရဲ့ အကြီးဆုံးဓာတ်ခွဲခန်းငါးခုမှာ စမ်းသပ်သွားဖို့ စီစဉ်ထားပါတယ်။ monkeypox ရောဂါကူးစက်မှု မြင့်တက်နေချိန်မှာ ဒီအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့ အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (အိတ်ချ် အိတ်ချ်အက်စ်) က ပြောထားပါတယ်။ 

အနီးကပ်ထိတွေ့ဆက်ဆံသူတွေမှာ monkeypox ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေများ 

လူတွေဘယ်လိုမျိုး monkeypox ရောဂါ ကူးစက်ဖြစ်ပွားခဲ့သလဲဆိုသည့်အပေါ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သို့သော်လည်း အစောပိုင်း အချက်အလက်တွေမှာတော့ လိင်တူတွေ၊ လိင်တူလိင်ကွဲဆက်ဆံသူတွေနဲ့ တခြားအမျိုးသားတစ်ဦးက နောက်ထပ်အမျိုးသားတစ်ဦးနဲ့ လိင်ဆက်ဆံတတ်သူတွေမှာ monkeypox ရောဂါ အဖြစ်များတယ်လို့ အမေရိကန်ရောဂါထိန်းချုပ် ရေးနဲ့ ကာကွယ်ရေးဌာနက ပြောကြားထားပါတယ်။ 

သို့သော်လည်း monkeypox ဖြစ်ပွားနေသူနဲ့ အနီးကပ်ထိတွေ့ဆက်ဆံသူတွေမှာ ပိုလို့တောင် monkeypox ရောဂါ ဖြစ်နိုင်ခြေများတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောကြားထားပါတယ်။ 
လျှော့တွက်လို့မရ 

နိုင်ငံပေါင်း ၅၀ နီးပါးမှာ monkeypox ရောဂါ ကူးစက်ဖြစ်ပွားနေသူပေါင်း ၃၂၀၀ ကျော်ရှိတယ်လို့ သတင်းဖော်ပြချက်နဲ့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို) အဖွဲ့ကြီးက monkeypox ရောဂါကူးစက်ဖြစ်ပွားမှုကို ကမ္ဘာ့အရေးပေါ်ကိစ္စ တစ်ရပ်အဖြစ် သတ်မှတ်မှာလား၊ မသတ်မှတ်ဘူး လားဆိုသည့်အပေါ် ဇွန် ၂၃ ရက်က ဆွေးနွေးခဲ့ကြပါတယ်။ 

လူမှလူချင်းကူးစက်ဖြစ်ပွားမှုဟာ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေပြီး လျှော့တွက်လို့မရဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွမ် ဂီဘရယ်ယက်ဆုစ်က ဇွန် ၂၃ ရက်က ပြောကြားထားပါတယ်။

အဖုအပိမ့်ထွက်ပြီး နေမကောင်းသူတွေကို သတိထားဖို့တိုက်တွန်း 
အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ခရီးသွားခဲ့ခြင်းရှိသလား မရှိသလား သို့မဟုတ် monkeypox ရောဂါလက္ခဏာတွေ  ရှိ မရှိနဲ့ ကျားမလိင်သဘာဝအရ မရွေး monkeypox ရောဂါလက္ခဏာနဲ့ကိုက်ညီတဲ့ အဖုအပိမ့်ထွက်ပြီး နေမကောင်းဖြစ်တဲ့လူနာတွေကို  သတိထားဖို့ တိုက်တွန်းပြောကြားထားပါတယ်။ 

Monkeypox ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက monkeypox စမ်းသပ်စစ်ဆေးမှုတွေကို ကုမ္ပဏီငါးခုကို စတင်လွှဲပေးနေပြီ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီငါးခုကတော့ အေးဂျစ် ဆိုင်းရင့်၊ လက်ဘ်ကော့ဘ်၊ မရိုး၊ ကွက်ရောဂါစမ်းသပ် ရှာဖွေရေးနဲ့ ဆိုးနစ်ကျန်းမာရေးဝန်ဆောင်မှုတို့ပဲ ဖြစ်ပါတယ်။

အမှားတွေကို ထပ်မလုပ်ဘဲ ရှောင်ရှား 

အမေရိကန်နိုင်ငံတစ်ဝန်း monkeypox စမ်းသပ်စစ်ဆေးမှုနေရာတွေ ရုတ်တရက်မြင့်တက် လာတဲ့အတွက် စမ်းသပ်စစ်ဆေးဖို့လိုတဲ့သူတိုင်းကို စမ်းသပ်စစ်ဆေးပေးနိုင်တော့မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ အိတ်ချ် အိတ်ချ်အက်စ်က အတွင်းရေးမှူး ဇာဗီးယားဘက် ကာရာက ကြေညာချက်မှာ ပြောကြားလိုက်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အစောပိုင်းအချိန်တွေ က ပြုလုပ်ခဲ့မိတဲ့ အမှားတွေကို ထပ်ကာထပ်ကာ မလုပ်မိဘဲ ရှောင်ရှားဖို့သင့်တယ်လို့ ကျွမ်းကျင်သူ တွေကတော့ ပြောကြားထားပါတယ်။ ကိုဗစ်-၁၉ အစောပိုင်းအချိန်တုန်းက အမေရိကန်ပြည်ထောင်စု ဟာ ကပ်ရောဂါအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေ နှောင့်နှေးပြီး အားနည်းခဲ့ပါတယ်။ 

ကျွမ်းကျင်သူတွေ စိုးရိမ်လျက်ရှိ 

Monkeypox ရောဂါကို အမေရိကန်ပြည်ထောင်စုမှာ လုံလုံလောက်လောက် စမ်းသပ် စစ်ဆေးမှုမလုပ်နိုင်မှာကို ကျန်းမာရေးကျွမ်းကျင်သူတွေက စိုးရိမ်လျက်ရှိပါတယ်။ လုံလုံလောက်လောက် စမ်းသပ်စစ်ဆေးမှု မလုပ်နိုင်တဲ့အတွက် monkeypox ရောဂါ ဘယ်လိုမျိုး လျင်မြန်စွာကူးစက် ဖြစ်ပွားခဲ့သလဲဆိုသည့်အပေါ် တိကျစွာ အကဲမဖြတ်နိုင်မှာလည်း စိုးရိမ်နေကြပါတယ်။ 

ရှားပါးတဲ့ရောဂါ 

Monkeypox ဗိုင်းရပ်စ်ကတစ်ဆင့် ကူးစက်ဖြစ်ပွားတဲ့ monkeypox ရောဂါဟာ ရှားပါးတဲ့ရောဂါ လို့တောင် ပြောရမှာဖြစ်ပါတယ်။ monkeypox ရောဂါဟာ ရှားပါးလှတဲ့ရောဂါလို့ ပြောရမှာနဲ့အညီ နီးကပ်မှုမရှိဘဲ လူကလူကို ကူးစက်ဖြစ်ပွားနိုင်ခြေမရှိသလောက်ပါပဲလို့ အမေရိကန်ရောဂါထိန်းချုပ် ရေးနဲ့ ကာကွယ်ရေးဌာနက ပြောကြားထားပါတယ်။

Monkeypox ရောဂါဟာ အနောက်အာဖရိကနဲ့ အလယ်ပိုင်းအာဖရိကမှာ ကူးစက်ဖြစ်ပွားရုံသာမက တခြားနေရာတွေမှာလည်း ကူးစက်ဖြစ်ပွား နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ monkeypox ရောဂါကို ပေါ့ဆလို့မရပါကြောင်း တင်ပြလိုက်ပါတယ်။ 

ကိုးကား - ဆင်ဟွာ