လန်ဒန် နိုဝင်ဘာ ၁

ကမ္ဘာတစ်ဝန်း၌ အောက်တိုဘာ ၂၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ခုနှစ်ဘီလီယံအထိ ထိုးနှံပေးပြီးဖြစ်ကြောင်း Our World in Data သုတေသနဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

အဆိုပါသုတေသနဝက်ဘ်ဆိုက်ကို ဗြိတိန်နိုင်ငံ၏အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသနပညာရှင်များ အပါအဝင် သုတေသနပညာရှင်အများစုက ဦးဆောင်ဦးရွက်ပြုခဲ့ခြင်းဖြစ်သည်။

Our World in Data သုတေသနဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ကမ္ဘာ့လူဦးရေ၏ ၄၉ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကမ္ဘာ့လူဦးရေ၏ ၃၈ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်း၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၄ သန်း ထိုးနှံပေးလျက် ရှိကြောင်းလည်း သိရသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူဦးရေစုစုပေါင်း၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူရသေးကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အလင်းသစ်