တိုကျို ၁၈ ဩဂုတ်
ကမ္ဘာတစ်ဝန်းရှိ လေကြောင်းသွားလာမှုများသည် ၂၀၂၄ မတိုင်မီအထိ ကိုဗစ်-၁၉ ရောဂါ မကျရောက်မီက ရှိခဲ့သည့် အခြေအနေသို့ ပြန်ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ယခုနှစ်တွင် စီးပွားရေး ပြန်လည်နာလန်ထူရန် နှေးကွေးနေသည့်အတွက် ခန့်မှန်းထားသည်ထက် တစ်နှစ် နောက်ကျနိုင်ကြောင်း နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားလာသူအရေအတွက် ၅၅ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု ခန့်မှန်းထားသည်။ လေကြောင်းလိုင်းများ အခြေအနေ ပြန်ကောင်းလာရန်မှာ ယခင်ခန့်မှန်းထားသည်ထက် တစ်နှစ်ပိုကြာနိုင်ကြောင်း နိုင်ငံတကာ လေကြောင်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး အလက်ဇန်း ဒရီဒီ ဂျူနီယက်က ပြီးခဲ့သည့်လ နှောင်းပိုင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ငွေကြေးဆိုင်ရာ ဖိအားကျရောက်မှုများကြောင့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအရ ခရီးသွားလာမှုများကို လျှော့ချလာလျက်ရှိရာ အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် နှေးကွေးသည့် ဗိုင်းရပ်စ်ထိန်းချုပ်မှုနှင့်အတူ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းအတွက် ယုံကြည်မှု နည်းပါးလာလျက်ရှိကြောင်း သိရသည်။
ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှု သို့မဟုတ် ကာကွယ်ရေးရရှိရေး ကြိုးပမ်းမှု မအောင်မြင်ခဲ့လျှင် လေကြောင်းလိုင်းများအနေဖြင့် ကပ်ရောဂါ မကျရောက်မီက အခြေအနေသို့ ပြန်လည်ရောက်ရှိရန် မျှော်မှန်းထားမှုများ ပျက်ပြယ်သွားနိုင်ကြောင်း နိုင်ငံတကာလေကြောင်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။
လေကြောင်းခရီးစဉ် သွားလာမှုများသည် ပြီးခဲ့သည့် ဇွန်လအတွင်း ၈၆ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး မေလတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားက ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များချမှတ်ခဲ့ရာ ၉၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
သို့ဖြစ်ရာ လေကြောင်းကုမ္ပဏီများအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈၄ဒသမ ၃ ဘီလီယံဆုံးရှုံးဖွယ်ရှိပြီး ဝင်ငွေရရှိမှု ၅၀ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိကြောင်း အဖွဲ့က ပြောကြားသည်။
ကျိုဒို