ဂျီနီဗာ အောက်တိုဘာ ၁၃

 

ကမ္ဘာတစ်ဝန်းတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၇၀၀၀၀ ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။ သို့ရာတွင် လက်ရှိအချိန်၌ အဆိုပါ ရောဂါ ထပ်မံကူးစက်ခံရမှုများကျဆင်း လာသည်ကို တွေ့ရှိနေရပြီး ထိုသို့ကျဆင်းလာခြင်းကြောင့် လူအများအနေဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို ပေါ့လျော့စွာဆောင်ရွက်၍ မရကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။ မိမိတို့အနေဖြင့် မျောက်ကျောက်ရောဂါကူးစက်မှုများ ကျဆင်းနေခြင်းကို အဆိုပါကပ်ရောဂါမှ လွန်မြောက်သွားပြီဟု ယူဆပြီး ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ပေါ့လျော့စွာဆောင်ရွက်ပါက အန္တရာယ်ရှိလာနိုင် သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီး အကဲ ဂါဘရီယီဆက်က ပြောကြားသည်။

 

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကတိုက်ရှိ နိုင်ငံများတွင် မျောက်ကျောက်ရောဂါကူးစက်သူ ၉၀ ရာခိုင်နှုန်းကျော်ကို တွေ့ရှိရဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။ လက်ရှိအချိန်တွင် မျောက်ကျောက် ရောဂါအား ကိုဗစ်-၁၉ ရောဂါကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြေညာထားပြီး အဆိုပါရောဂါများ တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေသည်။

 

 ကိုးကား - စီဂျီတီအင်န်

ဘာသာပြန်-စိုးသူရ