နေပြည်တော်၊ မတ် ၂၂
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါး တီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် အပါအဝင်ဖြစ်ပြီးWHO ၏ Global TB report (2023)အရ (၂၀၂၂) ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ တစ်သိန်းတွင် တီဘီလူနာသစ်ဖြစ်ပွားနှုန်း(၄၇၅)ဦးရှိပြီး သေဆုံးနှုန်းမှာ (၈၀) ရှိနိုင်ကြောင်း ခန့်မှန်းထား ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသား မဟာဗျူဟာစီမံကိန်း(National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
(၂၀၂၃)ခုနှစ်တွင် စုစုပေါင်းတီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသ မှုအောင်မြင်နှုန်းမှာ (၈၈)ရာနှုန်း ရရှိခဲ့ကြောင်း၊ တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနည်းသည့် ဒေသများတွင် တီဘီရောဂါရှိပြီး ဆေးကုသမှုမရရှိနိုင်သေးသည့် လူနာများရှိနိုင်သဖြင့် ပိုမိုကြိုးစားရှာဖွေပေးရန် လိုအပ်ပါကြောင်း၊ တီဘီရောဂါသည် ကုသပျောက်ကင်းနိုင်သည့် ရောဂါတစ်ခုဖြစ်သည့်အတွက် စောစီးစွာ ရှာဖွေဖော်ထုတ်ကုသနိုင်ပါက ပြည်သူလူထုအတွင်း တီဘီရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ပါ ကြောင်း၊ တီဘီလူနာအရှိန် အဟုန်မြှင့်ရှာဖွေခြင်းလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တီဘီလူနာများ အားမဖြစ်မနေ မပျက်မကွက် သတင်းပို့နိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများ အနေဖြင့် ယခုထက်ပိုမိုပါဝင် ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။
၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာရှာဖွေတွေ့ရှိမှု၏ ၁၈ ရာနှုန်း မှာ ကလေးများတွင်ဖြစ်ပြီး အသက်(၈) နှစ်အောက်ကလေးများ၏ သလိပ်နှင့် Stool Specimen ကို GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများ လက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက် (၁၁၀) လုံးကို တီဘီရောဂါ တိုက်ဖျက်ရေးဌာန (၈၆)ခုတွင် တပ်ဆင်လွှမ်းခြုံ ဆောင်ရွက်လျက်ရှိပြီး အမျိုးသား မှီငြမ်းပြုတီဘီ ဓာတ်ခွဲဌာန(ရန်ကုန်)တွင် အဓိကဆောင်ရွက်လျက်ရှိကာ မန္တလေးနှင့် တောင်ကြီးတို့တွင် အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါကုသမှုတွင် (၆)လ သို့မဟုတ် (၉)လထိသာ ဆေးကုသမှုခံယူရမည့် ကုထုံးသစ်(BPaLM/ BPaL)ကို ဆေးယဉ်ပါး တီဘီလူနာကုသမှုပေးနေသည့် ဌာနများတွင် အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း။
တီဘီရောဂါကို ရှာဖွေကုသပေးရုံမျှသာမက တီဘီလူနာနှင့်အတူနေ မိသားစုထဲမှ အသက် (၅)နှစ်အောက်ကလေးများနှင့် တီဘီ/အိပ်ချ်အိုင်ဗွီရောဂါဝေဒနာရှင်များကို တီဘီရောဂါမဖြစ်အောင် ကာကွယ်ကုသခြင်း(TB Preventive Therapy, TPT) ကို လက်ရှိအခြေအနေထက် ပိုမိုထိရောက်အောင် ဆောင်ရွက်သွားကြရန် အရေးကြီးပါကြောင်း၊ တီဘီလူနာနှင့်အတူနေသူ အသက်(၅)နှစ် အထက်ရှိသူ များကိုလည်း တိုးချဲ့ကုသမှုပေးနိုင်ရေး စီစဉ်လျက်ရှိပါကြောင်း၊၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာအားလုံး၏ ၉၃ရာနှုန်း ကို HIV ပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး HIV ပိုးတွေ့ တီဘီလူနာ (၇၉၃၆) ဦးအနက် ၇၆ရာနှုန်း ကို ART ဆေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
(၂၀၂၄) ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Yes! We can End TB!” “တီဘီရောဂါပပျောက်ဖို့၊ အားလုံးဝိုင်းဝန်းပူးပေါင်းလို့၊ ပံ့ပိုးကူညီဆောင်ရွက်စို့။” နှင့်အညီ တီဘီရောဂါ ပပျောက်နိုင်ရေးအတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို လူတိုင်း လက်လှမ်း မီရရှိနိုင်ရန် အားလုံး ပူးပေါင်း၍ ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြြပီး (၂၀၂၄)ခုနှစ်၊ ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့ပြခန်းသို့ လှည့်လည်ကြည့်ရှုခဲ့ရာ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)