မြင့်ထွေး(ဟိုတယ်/ခရီး)
ပင်လယ်သမုဒ္ဒရာ ရေပြင်သည် ကမ္ဘာကြီး၏ ၇၉ ရာခိုင်နှုန်းရှိပြီး ပင်လယ်သမုဒ္ဒရာနှင့် ဆက်စပ် ဆောင်ရွက်လျက်ရှိသော ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး၊ စားသောက်ကုန်လုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းလုပ်ငန်းများ၊ ဆေးဝါးများ၊ အလုပ်အကိုင်အခွင့်အလမ်းများသည် ကမ္ဘာပေါ်ရှိ လူသားများကို ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အမှီပြုနိုင်ရန် ဖန်တီးပေးလျက်ရှိသည်။ အဆိုပါလုပ်ငန်းများမှ ခရီးသွားလုပ်ငန်းတွင် ကမ္ဘာလှည့်ခရီးသွားဦးရေ စုစုပေါင်း ၁၄၆၄ ဒသမ ၃ သန်းရှိပြီး ပင်လယ်ကမ်းခြေသို့ အပန်းဖြေလည်ပတ်ကြသော ခရီးသွားဧည့်သည်များမှာ သန်း ၄၀၀ ကျော်ရှိသဖြင့် ကမ္ဘာ့ခရီးသွားဧည့်သည် ၂၇ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏ ၂၀၁၉ ခုနှစ် ကိန်းဂဏန်းစာရင်း အချက်အလက်များအရ သိရသည်။
ကျွန်းကမ်းခြေ
ခရီးသွား ဧည့်သည်များသည် ပင်လယ်ပြင်အတွင်း ခရီးသွားခြင်း၊ ပင်လယ်ကမ်းခြေတွင် အပန်းဖြေခြင်း၊ ပင်လယ်ကြမ်းပြင်အောက် သဘာဝအလှအပများ ကြည့်ရှုခြင်း၊ ရွက်လွှင့်ခြင်း၊ လှိုင်းစီးခြင်း၊ ပင်လယ်ရေသတ္တဝါများ၏ လှုပ်ရှားသွားလာ နေထိုင်စားသောက်မှုကို လေ့လာခြင်း၊ ရေနေ ကုန်းနေသတ္တဝါများကို လေ့လာခြင်း၊ ပင်လယ်အစားအစာများ စားသုံးခြင်းများဖြင့် ပင်လယ်ပြင်နှင့် ကျွန်းများသို့ လည်ပတ်မှု များပြားလာခြင်းကြောင့် ပင်လယ်ပြင်အတွင်းရှိ ကျွန်းများကို ငှားရမ်း၍ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ထည့်ဝင်လုပ်ကိုင် လာကြသူများမှာလည်း ပိုမိုများပြား လာသည်။ ထို့အတူ ရင်းနှီးမြှုပ်နှံသလောက် အကျိုးအမြတ်ရှိစေသည့် သဘာဝအလှတရားများ မပျက်စီး သေးသောကျွန်းများကိုလည်း အပြိုင်အဆိုင် ရှာဖွေဖော်ထုတ်လာကြသည်။
၂၀၁၇ ခုနှစ်က မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များက ပြည်တွင်းပြည်ပ ဧည့်သည်များကို လှည့်လည်ပို့ဆောင်နိုင်ရန်နှင့် ကျွန်းခရီးစဉ်ဒေသများ ဖော်ထုတ်မြှင့်တင်ရန်အတွက် သဘာဝအလှများ မပျက်စီးသေးသော ခရီးစဉ်အသစ်ကျွန်းများကို ရှာဖွေရာတွင် မြိတ်မြို့နှင့် မဝေးကွာလှပြီး နေ့ချင်း ပြန် လည်ပတ်နိုင်သည့် ပါပန့်ကျွန်း (ခေါ် ) Smart ကျွန်းကို တွေ့ရှိခဲ့သည်။ ကျွန်း၏ ထူးခြားသောအခြေအနေ ကြောင့် မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ ကြိုးစားအားထုတ်မှုဖြင့် တစ်နှစ် ခန့်အတွင်း လူသိများထင်ရှားလာခဲ့သည်။
ကျောက်စရစ်ကမ်းခြေ (Pebble Beach)
ကမ်းရိုးတန်းနှင့် ကျွန်းပေါ်ကမ်းခြေ အများစုသည် သဲများဖြင့် ဖုံးလွှမ်းနေ တတ်သော်လည်း အချို့ကမ်းခြေများမှာ ကျောက်စရစ်များဖြင့် ထူးခြားစွာဖုံးလွှမ်း နေတတ်သည်။ သဲပမာဏထက် ကျောက်စရစ်ပမာဏ များနေပါက ကျောက်စရစ်ကမ်းခြေ (Pebble Beach)အဖြစ် သတ်မှတ်ကြသည်။ နေရာဒေသ အပေါ်မူတည်၍ ကျောက်စရစ်များမှာလည်း ရောင်စုံပြောင်းလဲတတ်ကြသည်။ ထူးခြားစွာ ဆွဲဆောင်မှုရှိသည့် ကျောက်စရစ်ကမ်းခြေကြောင့်ပင် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လည်ပတ်လာကြသည်။
ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးသော ကျောက်စရစ်ကမ်းခြေ ၁၀ ခုရှိရာ အမေရိကန်နိုင်ငံရှိ Black Pebble Beach၊ ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ Pebble Beach at Nice၊ ယူကေနိုင်ငံရှိ Slapton Sands နှင့် Birdlings Flat ၊ အမေရိကန် နိုင်ငံရှိ Jasper ၊ ဖိလစ်ပိုင်နိုင်ငံရှိ ကမ်းခြေ သုံးခုဖြစ်သည့် White Pebble Beach၊ Bakugon Boulder Beach နှင့် Manual Pebble Beach၊ အမေရိကန်နိုင်ငံရှိ Schoolhouse Beach၊ ယူကေနိုင်ငံရှိ Chesil Beach တို့ဖြစ်ကြောင်း သိရသည်။ ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံးသော ကျောက်စရစ်ကမ်းခြေများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးမလျော့သော ကျောက်စရစ်ကမ်းခြေမှာ မြန်မာနိုင်ငံ၏ ကျွန်းပေါင်း ၈၀၀ ကျော်အတွင်းမှ မြိတ်ခရိုင်အတွင်းရှိ ပါပန့်ကျွန်း (ခေါ် ) Smart ကျွန်းပင်ဖြစ်သည်။
ထူးခြားလျှို့ဝှက်သောကျွန်း
ပါပန့်ကျွန်း (ခေါ်) Smart ကျွန်းသည် မြိတ်မြို့၏အနောက်ဘက် ရေမိုင် ၅၀ ကျော်အကွာ အရှေ့လောင်ဂျီကျု ၉၇° ၅၇' နှင့် မြောက်လတ္တီကျု ၁၂° ၁၈' ကြားတွင်တည်ရှိသည်။ အရှေ့ဘက်တွင် သရော့သဒန်ကြီးကျွန်း၊ သဲလက်တက်ကျွန်း (နှစ်ဖက်လှ)နှင့် အနောက်ဘက်တွင် ပဒန်းကျွန်း၊ မြောက်ဘက်တွင် ကွမ်းရွက်ကျွန်း၊ တောင်ဘက်တွင် ဒါန်းကျွန်းများ တည်ရှိသည်။ မြေဧရိယာ ၅၄၅ ဒသမ ၀၆ ဧက ကျယ်ဝန်းပြီး ကျွန်း၏မြောက်ဘက်တွင် အရှည်ပေ ၄၀၀၀ ခန့် ရှည်လျားသော ကမ်းခြေတည်ရှိကာ သုံးပုံနှစ်ပုံခန့်ရှိ ပေ ၂၃၀၀ ကျော်မှာ အရွယ်ညီ အညိုရောင် ကျောက်စရစ်လုံးချောများဖြင့် ကမ်းခြေတောစပ်မှ ပင်လယ်အတွင်း အစီအရီ အပြည့်ရှိနေသည်။ ကျောက်စရစ်ဒု အထူမှာ ကုန်းတွင်းဘက်အခြမ်းတွင် ပေ ၂၀ ခန့်ထူပြီး ပင်လယ်ဘက်အခြမ်းတွင် နှစ်ပေခန့်ထူကြောင်း သိရသည်။ ကျန်သုံးပုံတစ်ပုံပေ ၁၇၀၀ ကျော်မှာ သဲဖြူနုကမ်းခြေ ဖြစ်သည်။ တောင်ဘက်အခြမ်းတွင် ပေ ၆၀၀ ကျော်ခန့်ရှိ သဲသောင်ရှည်လျားသော ကမ်းခြေသုံးခုရှိပြီး ရေချိုအရင်းအမြစ်ရှိသည်။ ပါပန့်ကျွန်း (ခေါ်) Smart ကျွန်း၏ ပင်လယ်ရေမှာ ကြည်လင်ပြီး ရေပြာ အမျိုးအစားဖြစ်သည်။
ကျွန်းပတ်လည် တစ်ဝိုက်တွင် မပျက်စီးသေးသော သန္တာကျောက်တန်းများ ရှိခြင်းကြောင့် ပြည်တွင်းပြည်ပဧည့်သည်များအနေဖြင့် Snorkeling ပြုလုပ်ခြင်း၊ Scuba Diving ပြလုပ်ခြင်း၊ Kayaking အပျော်စီးခြင်း၊ Water Jet ski စီးခြင်းများ ပြုလုပ်နိုင်သည်။
ပါပန့်ကျွန်း (ခေါ်) Smart ကျွန်းဟု လူသိများသော ကျောက်စရစ်ကျွန်းသို့ Speed Boat အမျိုးအစားပေါ်မူတည်၍ မြိတ်မြို့မှ စက်လှေမောင်းချိန် ၂ နာရီမှ ၂ နာရီခွဲအကြာတွင် ရောက်ရှိနိုင်သည်။ လူအရောက်အပေါက်နည်းပါး၍ သဘာဝအတိုင်း ရှင်သန်နေသော အမြဲစိမ်းသစ်ပင်ကြီးများ ရှင်သန်ကြီးထွားလျက်ရှိသဖြင့် ကျွန်းအတွင်းပိုင်း ဝင်ရောက်လျှင် သစ်တောကြီးတစ်ခုအတွင်း ဝင်ရောက် သကဲ့သို့ ခံစားမှုမျိုးကို ရရှိစေသည်။ မြောက်ဘက် ကျောက်စရစ်ကမ်းခြေမှ တောင်ဘက် သဲသောင်ကမ်းခြေသို့ သွားရာလမ်းတစ်လျှောက်တွင် တောပန်းလေးများ လှပဖူးပွင့်ဝေဆာစွာ ကျွန်း၏ အလှအပကို ထပ်ဆင့်ဖော်ဆောင်ပေးလျက်ရှိသည်။
အပန်းဖြေကျွန်း
ကျောက်စရစ်ကမ်းခြေသို့ ရောက်ရှိသည်နှင့် ပင်လယ်လှိုင်းများ၏ ရိုက်ခတ်ဖျန်းပက်မှုနှင့် နေရောင်ခြည်ကြောင့် ရွှန်းစိုတောက်ပလျက်ရှိသော ကျောက်စရစ်များကို တွေ့ရမည်။ ကြည်လင်ပြာလဲ့ သော ကမ်းခြေရေပြင်က ရေထဲမဆင်းဘဲ မနေနိုင်အောင် ဆွဲဆောင်နေသည်။ ရေကူး၍မောလျှင် ကျောက်စရစ်များအပေါ် ကျောခင်းအိပ်စက်အကြောအခြင် ဖြေနိုင်သည်။ မြောက်ဘက် ကျောက်စရစ် ကမ်းခြေကဲ့သို့ပင် တောင်ဘက် သဲသောင်ကမ်းခြေကလည်း လာရောက်သူတိုင်းကို ဖမ်းစားနိုင်သည်။ ကမ်းခြေတွင် အထူ ၁၀ ပေခန့်၊ အလျားပေ ၁၅၀ ခန့်၊ အမြင့်ပေ ၈၀ ခန့်ရှိသော သဘာဝကျောက်ပြားကြီး က ပင်လယ်သို့မျက်နှာမူ၍ ထောင်မတ်စွာ စိုက်ထူထားသည့်ပုံစံရှိသည်။ ပါပန့်ကျွန်း (ခေါ်) Smart ကျွန်းသို့ ရောက်ရှိသူတိုင်း ထူးခြားသော ကျောက်စရစ်ကမ်းခြေနှင့် ထောင်မတ်သော ကျောက်ပြားကြီးတို့နှင့် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ အမြဲစိမ်းသစ်တောကြီး အတွင်းရှိ ကြီးမားသောသစ်ပင်ကြီး များ၊ တောပန်းကလေးများနှင့် မှတ်တမ်းတင်ကြသည်။
ထူးခြားလှသော Smart ကျွန်းကို လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာနနှင့် မြိတ်ခရီးသွားလုပ်ငန်း ရှင်တို့၏ ပူးပေါင်းမြှင့်တင်ဆောင်ရွက်မှုကြောင့် လူသိများထင်ရှားကျော်ကြားလာပြီး ယခုအခါ အများပြည်သူ အပန်းဖြေကျွန်းတစ်ခုဖြစ်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်မတိုင်မီကာလက ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းခရီးသွားများ လည်ပတ်မှု များပြားလာခြင်း ကြောင့် Smart ကျွန်းကမ်းခြေသို့ Speed Boat များ ဆိုက်ကပ်ရာတွင် ကမ်းခြေရှိ သန္တာကျောက်တန်းများ ထိခိုက်မှုမရှိစေရန်အတွက် ရေပေါ် တံတား (Floating Jetty) ကို တည်ဆောက်ခဲ့သည်။
သဘာဝအမွေအနှစ်ထိန်းသိမ်းသင့်
အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံတည်းသာရှိသော လှပပြီး ထင်ရှားကျော်ကြားသည့် ကျောက်စရစ်ကျွန်းဖြစ်ကြောင်း လေ့လာသိရှိရ၍ မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူမိသည်။ သဘာဝတရားက ပေးအပ်ထားသော အမွေအနှစ် တစ်ခုဖြစ်၍လည်း တန်ဖိုးထား ထိန်းသိမ်းရန် အထူးလိုအပ်လှသည်။ သဘာဝအရင်းအမြစ်များ ပျောက်ကွယ်၊ ဆုံးရှုံး၊ ပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် မြိတ်ခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသော ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရီးသွားလောကအတွင်း ဆက်နွှယ်နေသူများက ကျွန်းများရှိ သန္တာကျောက်တန်းများ၊ ကနုကမာများ၊ ကျောက်စရစ်များ သစ်ပင်ပန်းမန်များကို ကောက်ယူ၊ သယ်ဆောင်၊ ချိုးဖြတ်မှုများ မပြုလုပ်ရန် နှိုးဆော်ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ဆက်စပ်ဌာန များပူးပေါင်းပြီး ကျွန်းများလည်ပတ်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲချမှတ် ထုတ်ပြန်၍ လိုက်နာစေလျက်ရှိသည်။
Smart ကျွန်းသို့ ၂၀၁၈ ခုနှစ်တွင် ပြည်တွင်းဧည့်သည် ၁၆၄၄ ဦး၊ ပြည်ပ ဧည့်သည် ၃၉၈ ဦးနှင့် ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းဧည့်သည် ၁၇၅၆၇ ဦး၊ ပြည်ပ ဧည့်သည် ၂၂၇၄ ဦး လာရောက်လည်ပတ် ခဲ့ကြသည်အထိ ထင်ရှားကျော်ကြား လာခဲ့သော်လည်း ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ကာ ခရီးစဉ်များ ရပ်တန့် သွားခဲ့ရသည်။ သို့သော် ယခုမဟာ သင်္ကြန်ကာလတွင် Smart ကျွန်းသို့ ပြည်တွင်းခရီးသွားဧည့်သည် ၅၀၀ ခန့် လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသအသီးသီးတွင် ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၌ ကြိတ်ကြိတ်တိုးစည်ကားခဲ့သည်ကို တွေ့ရှိ ကြားသိရသဖြင့် ခရီးသွားလုပ်ငန်းပြန်လည် ရှင်သန်မှုအတွက် ဝမ်းသာမိသည်။
မည်သို့ပင်ဆိုစေ ကမ္ဘာပေါ်တွင် အရှားပါးဆုံးသော ကျောက်စရစ် ကမ်းခြေတစ်ခုဖြစ်သည့် ပါပန့်ကျွန်း (ခေါ် ) Smart ကျွန်းကို ပိုင်ဆိုင်ထားသော မြိတ်ခရိုင်ခရီးသွားလုပ်ငန်းအဖို့ “ပတ္တမြားမှန်၊ နွံမနစ်” ဆိုသည့် စကားနှင့်အညီ ကိုဗစ်ကာလကျော်လွန် ပြီးသည်နှင့် နိုင်ငံတကာဧည့်သည်များ၊ ပြည်တွင်းဧည့်သည်များဖြင့် ပြန်လည် စည်ကားလာဦးမည်ဖြစ်သည်။ ထို့အတူ အဖိုးထိုက်တန်သော Smart ကျွန်းကို နိုင်ငံတကာမှ ပိုမိုသိရှိရေးအတွက် မြှင့်တင်ကြော်ငြာခြင်း လုပ်ငန်းများဆောင်ရွက်ကာ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ပါသည်။ ။