ရန်ကုန်   ၁၇   နိုဝင်ဘာ

 

မြန်မာဝိုင်အမ်စီအေမှ ကြီးမှူး၍ ကမ္ဘာ့ဝိုင်အမ်စီအေနှင့် ကမ္ဘာ့ဝိုင်ဒဗလျူစီအေတို့ ဆုတောင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာဝိုင်အမ်စီအေ ရုံးချုပ်၌ ကျင်းပရာ ကမ္ဘာ့ဝိုင်အမ်စီအေနှင့် ကမ္ဘာ့ဝိုင်ဒဗလျူစီအေ ဥက္ကဋ္ဌများ၏ သဝဏ်လွှာကို မြန်မာဝိုင်အမ်စီအေ ဥက္ကဋ္ဌ ဦးသာစိန်က ဖတ်ကြားကာ ဘဏ္ဍာရေးကော်မတီ ပူးတွဲသဘာပတိ ဦးဒေးဗစ်စခရီးက အထူးဆုတောင်းမင်္ဂလာပြုပြီး ငွေစာရင်းကိုင် မငုဝါလင်းနှင့် ရုံးအဖွဲ့မှူး နော်ဖောလဒါစေး တို့က ကျမ်းစာဖတ်ကြားကာ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာန ကော်မတီဝင် သိက္ခာတော်ရ ဆရာ ဦးတင်မောင်ရွှေက ဓမ္မဒေသနာများ ဟောကြားပြီး အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် အဆင့်မြင့်အတွင်းရေးမှူး သင်တန်းသား သင်တန်းသူများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ပညာပေး သင်တန်းသား သင်တန်းသူများက ဓမ္မတေးသီချင်းများ၊ အကပဒေသာများ တင်ဆက်ပါသည်။

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ခေါင်းစဉ်ဖြင့် (၁၆)ရက်တာ လှုပ်ရှားမှု အစီအစဉ်ကို လားရှိုးခရိုင်၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ယူနစ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရှမ်းပြည်မြောက်ပိုင်း လူမှုရေးအဖွဲ့အစည်းများ၊ IMO အဖွဲ့နှင့် ပူးပေါင်းပြီး နိုဝင်ဘာ (၃၀)ရက်နေ့တွင် လားရှိုးမြို့ ပန်းခြံ၌ ကျင်းပမည်ဖြစ်ပြီး အဆင့်မြင့် အတွင်းရေးမှူး သင်တန်း ဆင်းပွဲကို နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာဝိုင်အမ်စီအေ အသင်းမှ သိရသည်။

 

(သတင်းစဉ်)