နေပြည်တော် အောက်တိုဘာ ၇
အောက်တိုဘာ (၇)ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဝါသီးနှံနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဘီနင်နိုင်ငံ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများ၊ ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်း ရှင်များက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့်ပါဝင်တက်ရောက်ခဲ့သည်။
ထို့နောက် ကမ္ဘာ့ဝါသီးနှံနေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများ၊ ဝါထုတ်လုပ်သူများအသင်း၊ ဝါလုပ်ငန်းရှင်များ၊ ဝါကြိတ်စက်လုပ်ငန်းရှင်များ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ အထည် ချုပ်လုပ်ငန်းရှင် များက Virtual စနစ်ဖြင့် သတ်မှတ်နေရာ အသီးသီးမှ ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝါဖြစ်ထွန်းအောင်မြင်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး (အနောက်ပိုင်း) တိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ကို စီမံကိန်း ဒေသများအဖြစ် သတ်မှတ်ပြီး ဝါစိုက်ပျိုးရေးဇုန် (၁၉)ခုဖော်ဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ နှစ်စဉ် ကမ္ဘာ့ဝါ သီးနှံနေ့ကို ကျင်းပကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများ၌ ဝါကိုစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ စီးပွားရေး တည်ငြိမ်မှုကိုထိန်းသိမ်း ပေးခြင်း စသည့် အခန်းကဏ္ဍတို့တွင် အခွင့်အလမ်းများစွာရှိကြောင်း။
ဝါသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သီးနှံဖြစ်ကြောင်း၊ အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို စိုက်ပျိုးထုတ်လုပ်ပြီး ခေတ်မီအထည်အလိပ်များ ထုတ်လုပ်ခြင်း၊ ဝါတန်ဖိုးမြှင့် ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်လုံး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ဝါကဏ္ဍတွင် မြန်မာနိုင်ငံကို နေရာတစ်နေရာသို့ အရောက်ပို့ပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်က သွင်းကုန်အားကိုးမှုကို လျှော့ချရန်နှင့် ပြည်တွင်းအထည်အလိပ် လုပ်ငန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်၍ ဝါအထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်ရေးကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဝါနေ့အထိမ်းအမှတ် Video Clip ပြသပြီး တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ဝါနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဝါနှင့်ပတ်သက်သည့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ဝါစိုက်ပျိုးထုတ်လုပ်နေမှုနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဈေးကွက်ရရှိရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


