mdn

၂၃ အောက်တိုဘာ

 

အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၂၀၁၉ ကမ္ဘာ့ဝူရှူးပြိုင်ပွဲတွင် မြန်မာဝူရှူးအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။

 

မြန်မာဝူရှူးအဖွဲ့အတွက် ကြေးတံဆိပ်ဆုကို အမျိုးသမီးနှစ်ယောက်တွဲ အတိုက်ပြိုင်ပွဲတွင် စန္ဒီဦး နှင့် အေးသစ္စာမြင့်အတွဲက ရယူနိုင်ခဲ့ပြီး ဟောင်ကောင်အတွဲက ရွှေတံဆိပ်၊ မလေးရှားအတွဲက ငွေတံဆိပ် ရရှိခဲ့သည်။

 

 မြန်မာဝူရှူးအဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ကမ္ဘာ့ပြိုင်ပွဲဖြစ်သောကြောင့် ပြိုင်ပွဲဝင်နိုင်ငံ ၁၀၀ ကျော်ရှိခဲ့ကာ ဆုတံဆိပ်တစ်ခုသာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

ယင်းပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှ ကစားသမား ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုပြိုင်ပွဲ တွင် မြန်မာဝူရှူးအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကုန်ကျစရိတ်များကို မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးခင် မောင်လေးနှင့်အဖွဲ့က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။ 

 

ဦးခင်မောင်လေးသည် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် စတင်တည်ထောင်ချိန်တွင် ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့ပြီး ၂၀၀၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကာ မြန်မာဝူရှူအားကစားအဖွဲ့ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်နှင့် ကမ္ဘာ့ အဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများစွာ ရယူနိုင်ရန် ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်သည်။

 

မြန်မာဝူရှူးအဖွဲ့တွင် အုပ်ချုပ်သူ- ဦးဇော်ဇော်မိုး၊ နည်းပြ-ဦးဖြိုးဝေမြင့်၊ ဒေါ်ခိုင်ခိုင်မော်၊ ကစားသမားများအဖြစ် အမျိုးသား-ငြိမ်းချမ်းကိုကို၊ သိန်းသန်းဦး၊ မျိုးမင်းကြီး၊ ခန့်မင်းထက်၊ မင်းခန့်ဇော်၊ အမျိုးသမီး-စန္ဒီဦး၊ အေးသစ္စာမြင့်နှင့် မြတ်နိုးအိမ်တို့ ပါဝင်သည်။

 

ယခုပြိုင်ပွဲတွင် အဆင့် ၁ မှ ၈ အတွင်း ရရှိသူများသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလား ဝူရှူးထောက်လုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း၊ဓာတ်ပုံ-ကိုစိုင်း