ဖနောင်ပင်၊ ဇူလိုင် ၁

 

ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်း  မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိသည့် ဧရာဝတီလင်းပိုင် ၁၀၅ ကောင်ခန့်အထိ ရှိလာကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဒစ်သ်တီနာက ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း ပရေးခေါရ်ခရိုင်တွင် ကျင်းပသည့် (၁၉) နှစ်မြောက် အမျိုးသားငါးနေ့ အခမ်းအနား တွင် ဝန်ကြီးတီနာက ထိုသို့ ပြောကြားသည်။ ယခုနှစ် ပထမ ခြောက်လအတွင်း မွေးကင်းစ မဲခေါင် ဧရာဝတီလင်းပိုင် ရှစ်ကောင်ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး နှစ်ကောင်သာ သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘောဒီးယား ငါးလုပ်ငန်းဦးစီး ဌာနမှ ကောက်ယူသော လင်းပိုင်ကောင်ရေစာရင်းအရ ၂၀၂၀ ပြည့် နှစ်က ခန့်မှန်းခြေအားဖြင့် ၈၉ ကောင်ရှိရာ ယခုအချိန်တွင် ဧရာဝတီလင်းပိုင်ကောင်ရေ ၇၈ ကောင်မှ ၁၀၅ ကောင်အထိရှိမည် ဟု ခန့်မှန်းထားသည်။

မဲခေါင်ဧရာဝတီလင်းပိုင်များသည် ၂၀၀၄ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့၏ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များအဖြစ် အနီရောင်အဆင့် သတ်မှတ်ခံ ထားရသည်။

အဆိုပါ မျိုးစိတ်များသည် အရှေ့မြောက်ပိုင်း စတွန်ထရန်းနှင့် ခရေးတီးပြည်နယ်များအကြား မဲခေါင်မြစ်ကြောင်း တစ်လျှောက် ကီလိုမီတာ ၁၈၀ အတွင်း ကျက်စားလျက်ရှိသည်။

ဆင်ဟွာ