ဖနောင်ပင် အောက်တိုဘာ ၁၆
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆီရမ်ယိ-အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာရေးအတွက် အကူအညီပေးနိုင်ကြောင်း သိရသည်။
၎င်းလေဆိပ်၏ ပထမဆုံးဆိုက်ရောက်သည့် လေကြောင်းခရီးစဉ်အဖြစ် ဗန်ကောက်လေကြောင်း လိုင်းမှ လေယာဉ်တစ်စင်း အောက်တိုဘာ ၁၆ ရက်က ဆင်းသက်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဗောင်စီဗီဆော့စ်က လှိုက်လှုဲစွာကြိုဆိုခဲ့သည်။ လေယာဉ်ပြေးလမ်း အရှည် မီတာ ၃၆၀၀ ရှိသည့် ၎င်းလေဆိပ်သည် နိုင်ငံတကာမှ လေယာဉ်များ အဆင်ပြေစွာ ပျံသန်းပြေးဆွဲနိုင် မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယင်းလေဆိပ်သည် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံအကြား ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းဆိုင်ရာ အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၏ သာဓကဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ရေရှည်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကို ကူညီထောက်ပံ့ပေးလိမ့်မည်ဖြစ်ပြီး ဆီရမ်ယိပြည်နယ်ရှိ ဒေသခံများသည် ဤလေဆိပ်မှ အကျိုးကျေးဇူးများရရှိမည်ဖြစ်ကာ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ဖန်တီး ပေးနိုင်မှုနှင့် ဆင်းရဲနွမ်းပါးမှုများကို လျှော့ချပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၎င်းလေဆိပ်သည် ၂၀၂၄ ခုနှစ်မှ ၂၀၄၀ ပြည့်နှစ်အထိ နှစ်စဉ် ခရီးသည် ၇ သန်းမှ ၁၂ သန်းအထိ ခရီးသွားနိုင်မည်ဟု ကမ္ဘောဒီးယားနိုင်ငံ မြို့ပြလေကြောင်း ဌာနအကြီးအကဲ မာအို ဟာဗန်နော့က မှတ်ချက်ပြုပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ