ရန်ကုန်- ဇွန် ၂၉
အာဆီယံအလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သိုရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဗဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunnaနှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။
H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း ၂၀၂၂-ခုနှစ်၊ မေ ၆ ရက်က ကျင်းပခဲ့ သော အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးရလဒ်များနှင့် အာဆီယံ ဘုံသဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဆောင်ရန်၊ ခရီးစဉ်အတွင်း တွေ့ဆုံမှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)