ဖနောင်ပင် စက်တင်ဘာ ၃၀
ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်နယ်ခုနစ်ခု၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် လယ်ယာမြေများ ထိခိုက်ပျက်စီးကာ ဆန်စပါးနှင့် အခြားသီးနှံစိုက်ပျိုးမှုများ ထိခိုက်ခဲ့ကြောင်း ယနေ့ခမာတိုင်းစ်သတင်း ဌာနသတင်းအရ သိရသည်။
ရေကြီးရေလျှံမှုကြောင့် သီးနှံ စိုက်ပျိုးမှု အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် ပြည်နယ်ခုနစ်ခုမှာ ကရာတီ၊ စတန်ထရန်၊ မွန်ဒူကီရီ၊ တီဗောင် ခူမန်၊ ကန်ပေါင်ချန်၊ ကန်ပေါင်သွန် နှင့် ဆီရန်ယိပြည်နယ်တို့ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တော နှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အန်ရက်ချ်နာ က ပြောသည်။
ရေကြီးရေလျှံမှုများအတွင်း စပါးစိုက်ပျိုးမြေ ဧက ၁၂၀၀၈ ဟက်တာ ထိခိုက်ပျက်စီးခဲ့သည်။ စက်တင်ဘာ ၂၇ ရက်က ကျင်းပသည့် ဝန်ကြီး အဖွဲ့အစည်းအဝေးတွင် ရေကြီး ရေလျှံမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် လူအင်အားနှင့် ကယ်ဆယ်ရေးကိရိယာများ အသင့်ပြင်ဆင် ထားရှိရေးအတွက် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ဝန်ကြီးချုပ် ဟွန်မာနက်က ညွှန်ကြားခဲ့သည်။
ထို့ပြင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အနေဖြင့်လည်း ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့် ဒေသများမှဒေသခံများ အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ရန် ထပ်လောင်း ညွှန်ကြားခဲ့သည်။ ထို့ပြင် လယ်သမားများအတွက် လိုအပ်သည့် မျိုးစေ့အပါအဝင် စိုက်ပျိုးရေးသုံး ကိရိယာများ ထောက်ပံ့ပေးအပ်ရန် စိုက်ပျိုးရေး ဝန်ကြီးဌာနအား ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်။
ကိုးကား - ခမာတိုင်းမ်
ဘာသာပြန် - စိုးသူရ