ဧပြီ ၁၉
ကမ္ဘောဒီးယားနိုင်ငံ၏ ရိုးရာနှစ်သစ်ကူးပွဲ သုံးရက်တာကာလအတွင်း ခရီးသွားဧည့် ၄ ဒသမ ၅၉ သန်း လာရောက်လည်ပတ်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး သောင်ခွန်က ယမန်နေ့ကပြောကြားသည်။
အဆိုပါခရီးသွားဧည့်များအနက် နိုင်ငံခြားခရီးသွားဧည့် ၂၈၈၄၉ ဦး ရှိသည်ဟု ခွန်ကဆိုသည်။
ခရီးသွားနေရာများအားလုံးကိုဖွင့်လှစ်ပေးခဲ့ပြီး ခရီးသွားများကို ဆွဲဆောင်ခဲ့သည်ဟု ၎င်းက ပြောသည်။ ယခုနှစ် နှစ်သစ်ကူးအားလပ်ရက်သုံးရက်အတွင်း လာရောက်သော ခရီးသွားအရေအတွက်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော နှစ်သစ်ကူးပွဲတော်တွင် လာရောက်သည့်ခရီးသွား ၄ ဒသမ ၇၂ သန်းနှင့်နှိုင်းယှဉ်ပါက ခရီးသွားအရေအတွက် တူညီလုနီးပါးဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ပွဲတော်ကျင်းပမှုကို နှစ်နှစ်ကြာရပ်နားထားခဲ့ပြီးနောက် ထိုပွဲတော်ကို ကြာသပတေးနေ့မှ စနေနေ့အထိ သုံးရက်တာ ကျင်းပခဲ့သည်။
နိုင်ငံ့လူဦးရေ၏အများစုသည် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်သဖြင့် နိုဝင်ဘာလနှောင်းပိုင်းမှစတင်ကာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသည့်ခရီးသွားများအား ကွာရန်တင်းဝင်ရန်မလိုအပ်ကြောင်းနှင့် နယ်စပ်ဒေသများကို ဖွင့်လှစ်ပေးကာ လူမှုစီးပွားလှုပ်ရှားမှုများ အပြည့်အဝပြန်လည်စတင်ခဲ့သည်။
နိုင်ငံ့လူဦးရေ ၁၆ သန်းရှိသည့်အနက် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၁၄ ဒသမ ၈၅ သန်းရှိပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၁၄ ဒသမ ၁ သန်းရှိသည်ဟု သိရသည်။
ဆီနိုဗက်နှင့် ဆီနိုဖမ်ကာကွယ်ဆေးများသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အတွင်း အများဆုံးအသုံးပြုသည့် ကာကွယ်ဆေးများဖြစ်သည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၃၆၀၆၀ ဦးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၀၅၅ ဦးရှိသည်။
ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၃၂၇၆၉ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို