ဇူလိုင် ၄

ကမ္ဘောဒီးယားနိုင်ငံ ယူနက်စကိုစာရင်းဝင်အန်ကောကျောင်းသို့ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်ခရီးသွားဝင်ရောက်မှုအရေအတွက် မြင့်တက်မှုရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ဖော်ပြထားသည်။

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ယူနက်စကိုစာရင်းဝင်အန်ကောကျောင်းသို့ ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း တရုတ်ခရီးသွား ၄၇၅၇၁ ဦး ဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ် အလားတူကာလအတွင်း ခရီးသွားဝင်ရောက်မှုထက် ၂၅ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု နိုင်ငံပိုင်အန်ကောလုပ်ငန်း၏ဖော်ပြချက်အရသိရသည်။

အန်ကောကျောင်းသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင် တရုတ်နိုင်ငံသည် အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ်နိုင်ငံတို့ပြီးလျင် စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။

ယခုနှစ်ပထမနှစ်ဝက်အတွင်း နိုင်ငံနှင့်ဒေသပေါင်း ၁၇၁ ခုမှ နိုင်ငံခြားခရီးသွား ၅၆၇၆၇၃ ဦး ဝင်ရောက်မှုရှိရာ လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃ သန်း ဝင်ငွေရရှိသည်။

စီရမ်ရိပြည်နယ်အနောက်မြောက်ဘက် ၄၀၁ စတုရန်းကီလိုမီတာအကျယ်အဝန်းရှိသော အန်ကောကျောင်းသည် ခရီးသွားများဝင်ရောက်မှုအများဆုံးနေရာဖြစ်ပြီး ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်းရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို