အောက်တိုဘာ ၁

ကမ္ဘောဒီးယားနိုင်ငံ၏လူသိများသောအန်ကောဝပ်ကျောင်းသို့ ယခုနှစ်ပထမကိုးလအတွင်း နိုင်ငံခြားခရီးသွား ၆၉၉၈၅၀ ဝင်ရောက်မှုရှိကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်အလားတူကာလအတွင်း နိုင်ငံခြားခရီးသွား ၅၃၉၅၆၁ ဦး ဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၂၉ ဒသမ ၇ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်။

ယခုနှစ်ဇန်နဝါရီမှစက်တင်ဘာလအတွင်း အန်ကောဝပ်ကျောင်း လက်မှတ်ရောင်းချရာမှရရှိဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းရရှိရာ လွန်ခဲ့သောနှစ် အလားတူကာလအတွင်း လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းခန့်ဝင်ရရှိမှုထက် ၃၀ ရာခိုင်နှုန်းပိုမိုရရှိခဲ့သည်ဟု နိုင်ငံပိုင်အန်ကောလုပ်ငန်းမှ သတင်းထုတ်ပြန်ခဲ့သည်။

အန်ကောဝပ်ကျောင်းသို့နိုင်ငံခြားခရီးသွားဝင်ရောက်မှုအများဆုံး ငါးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ဖြစ်သည်ဟု သိရသည်။

အန်ကောဝပ်ကျောင်းသည် ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ရိပြည်နယ်တွင် တည်ရှိသည်။  ထိုကျောင်းတော်တွင် ကိုးရာစုမှ ၁၃ ရာစုအထိ တည်ဆောက်ထားသော ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်းရှိသည်ဟု သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို