ဖနောင်ပင်  နိုဝင်ဘာ  ၂၁

ကမ္ဘောဒီးယားနိုင်ငံတွင် အသုံးပြုသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုသည်နိုင်ငံ၏ စွမ်းအင်သုံးစွဲမှု စုစုပေါင်း၏  ၆၂ ရာခိုင်နှုန်း ကျော်ရှိကြောင်း   သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး Keo Ratanak  က နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ရုပ်ကြွင်းလောင်စာသုံးစွဲရာမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပြောင်းလဲအသုံးပြုနိုင်ခဲ့သည့်အတွက် ကမ္ဘောဒီးယားနိုင်ငံအား  နိုင်ငံအများအပြားက အသိအမှတ်ပြုခဲ့ကြောင်း   ၎င်းကထပ်လောင်း ပြောကြားသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က အဖွဲ့ဝင်နိုင်ငံများအား ၂၀၃၀ ပြည့်နှစ်အရောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ရင်းမြစ်များမှ စွမ်းအင် ၃၅ ရာခိုင်နှုန်းအထိ  သုံးစွဲရေးကို စည်းမျဉ်း အဖြစ်  သတ်မှတ်ထား သည်။ သို့ရာတွင် ကမ္ဘောဒီးယား နိုင်ငံသည် ၂၀၂၂ ခုနှစ်ကတည်းက   ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ၆၂ ရာခိုင်နှုန်းကို ရယူသုံးစွဲခဲ့သည်ဟု Ratanak  က  ထပ်လောင်း ပြောကြားသည်။

 နိုင်ငံ၏  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ၄၀ ရာခိုင်နှုန်းကျော်ကို ရေအားလျှပ်စစ်၊  ၁၀ ရာခိုင်နှုန်းကျော်ကို   နေစွမ်းအင်နှင့် အခြား လိုအပ်သည့်ပမာဏကို  ဇီဝလောင်စာနှင့်    လာအိုနိုင်ငံမှ ဝယ်ယူခြင်းတို့မှ ရရှိသည်။

ကမ္ဘောဒီးယားနိုင်ငံသည်လက်ရှိ တွင် တစ်နှစ်လျှင် စွမ်းအင် ၄၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်စွမ်းရှိ သည်။ သို့သော် ၎င်း၏ နှစ်စဉ် သုံးစွဲမှုသည် ၂၄၀၀ မဂ္ဂါဝပ်ခန့်သာဖြစ်သဖြင့်  အနာဂတ်တွင် ဒေသတွင်းနိုင်ငံများသို့  ၎င်း၏ စွမ်းအင်ကို တင်ပို့ရန်စဉ်းစားနေကြောင်း သိရသည်။    

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ