ကမ္ဘောဒီးယားနိုင်ငံ၏  ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ဗြိတိန်နိုင်ငံမှပြန်လည်ရရှိ

 

ဖနောင်ပင်၊ ဖေဖော်ဝါရီ   ၂၀

 

ကမ္ဘောဒီးယားနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ဗြိတိန်နိုင်ငံမှ ရှေးဟောင်းပစ္စည်းများ စုဆောင်းသူ Douglas Latchford မိသားစုထံမှ ပြန်လည်လက်ခံရရှိခဲ့ကြောင်း ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါ ရှေးဟောင်းပစ္စည်းများတွင် သရဖူများ၊ လည်ဆွဲများ၊ လက်ကောက်များ၊ ခါးပတ်များ၊ နားတောင်းများအပါအဝင် ရှေးဟောင်းပစ္စည်း ၇၇ မျိုး ပါဝင်ကြောင်းသိရသည်။ စစ်ပွဲများအတွင်းက လုယက်ခံခဲ့ရသည့်  နိုင်ငံ၏ အဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ယခုအချိန်တွင်  ပြန်လည်လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီး Phoeurng Sackona ကပြောကြားသည်။

 

အထက်ပါ ရှေးဟောင်းပစ္စည်းများအရ ခမာအင်ပါယာ၏ ထင်ရှားကျော်ကြားမှုကို ကမ္ဘာက သိရှိနားလည်စေမည် ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ လက်ဝယ်ရှိသည့် ကမ္ဘာပေါ်ရှိ နိုင်ငံများနှင့် အဖွဲ့အစည်းများအား ကမ္ဘောဒီးယားနိုင်ငံသို့ အဆိုပါပစ္စည်းများအား  ပြန်လည်လွှဲပြောင်းပေးအပ်ပါရန် ၎င်းကပန်ကြားခဲ့သည်။  ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်  ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ပေးအပ်ရန် Douglas Latchford မိသားစုက သဘောတူညီခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ