ဖနောင်ပင်၊ ဧပြီ ၂၇
ကမ္ဘောဒီးယားနိုင်ငံသည် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အဆင်သင့်ဖြစ်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ ခရီးသွားလုပ်ငန်းဝန်ကြီး သောင်ခွန် က ယနေ့တွင် ပြောကြားသည်။
လာမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၅၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင် မည်ဟုသိရသည်။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းအတွက် ဆောင်ပုဒ်မှာ “Sport: Live in Peace” ဖြစ်ပြီး အားကစားပြိုင်ပွဲအတွက် အထိမ်းအမှတ်တံဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံး အန်ကောဝပ် ကျောင်းတော်ကို ကိုယ်စားပြုကြောင်းသိရသည်။ အဆိုပါ အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မေ ၅ ရက် တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်က အားကစားရွာကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ အားကစားပြိုင်ပွဲတစ်လျှောက် အားကစားသမားများ၊ နည်းပြများ၊ ဒိုင်လူကြီးများ၊ အကဲဖြတ် ဒိုင်များနှင့် အားကစားကိုယ်စားလှယ်များ နေထိုင်ရေးအတွက် ဟိုတယ် ၁၁ လုံးကိုလည်း စီစဉ်ထားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-စိုးသူရ