ဇန်နဝါရီ ၁၃
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၉၈၇ ဦးရှိရာ ၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၅၃၉၀ ဦးရှိသဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၄၆ ရာခိုင်နှုန်း သိသိသာသာလျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ယင်းရောဂါဖြင့် သေဆုံးသူ ၄၆ ဦးရှိကြောင်း၊ ၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြင့်သေဆုံးသူ ၉၉ ဦးရှိရာမှ ထိုရောဂါဖြင့်သေဆုံးမှု ၅၃ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျမှုရှိလာကြောင်း ဖော်ပြထားသည်။
အမျိုးသားသွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်ရေးအစီအစဉ်မန်နေဂျာနှင့် အမျိုးသား ကပ်ပါးဗေဒ၊ ဇီဝဗေဒနှင့် ငှက်ဖျားရောဂါထိန်းချုပ်ရေးဗဟိုဌာနလက်ထောက်ညွှန်ကြားရေးမှူး Leang Rithea က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် ပိုးသတ်ဆေး၊ ခြင်ဆေးနှင့် အခြားပစ္စည်းများကို အိမ်ထောင်စုများထံသို့ ဖြန့်ဝေဆောင်ရွက်ပေးမှု အောင်မြင်သည်ဟု ယူဆရသည်။
မိဘများအနေဖြင့် ၎င်းတို့၏ဖျားနာနေသောကလေးများကို သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသည်ဟု သံသယရှိပါက ၄၈ နာရီအတွင်း ကျန်းမာရေးစင်တာများ၊ ဆေးရုံများသို့ ပို့ဆောင်ပေးသင့်သည်ဟု ၎င်းကဆိုသည်။
အေးဒိစ်ခြင်းအကိုက်ခံရသဖြင့်ဖြစ်ပွားသည့်သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ အပူချိန် မြင့်တက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အော့အန်ခြင်း၊ အဖုအပိမ့်များထွက်ခြင်းတို့ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် မိုးရာသီဖြစ်သော မေလမှ အောက်တိုဘာလအတွင်းသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးကာလဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို