ဇူလိုင် ၂၁
ကမ္ဘောဒီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ၅ ဒသမ ၆၂ တန်ကို ယနေ့တွင် ဖျက်ဆီးခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဆာ ဆိုကာက ပြောကြားခဲ့သည်။
ကန်ဒယ်ပြည်နယ်တောင်ပိုင်း ပွန်ဟီးယား လူး ခရိုင်တွင် ကျင်းပသော မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနား၌ ယင်းအခမ်းအနားသည် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်သူများကို လုံးဝ သည်းခံမည်မဟုတ်ကြောင်းနှင့် မူးယစ်ဆေးဝါး ကင်းစင်သော ကမ္ဘောဒီးယားနိုင်ငံ တည်ဆောက်ရန် အစိုးရ၏ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ထင်ဟပ်စေကြောင်း ဆိုကာကပြောကြားခဲ့သည်။
နိုင်ငံ၏ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကို ထိန်းသိမ်းနိုင်ရန် မူးယစ်ဆေးဝါးမှုခင်းများကို ကိုင်တွယ်ဖြေရှင်းနေသည့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကိုလည်း ၎င်းက ချီးကျူးဂုဏ်ပြုခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ၂၀၂၅ ခုနှစ်အတွင်း ဖနွမ်းပင်မြို့တော်နှင့် Kampong Chhnang ပြည်နယ်တို့တွင် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများအတွင်း ဖမ်းဆီးသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အာဏာပိုင်များသည် နိုင်ငံခြားသား ၂၂၅ ဦး အပါအဝင် မူးယစ်ဆေးဝါးနှင့်ဆက်စပ် သံသယရှိသူ ၁၂၅၈၁ ဦးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါး စုစုပေါင်း ၂ ဒသမ ၃၈ တန်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
ကမ္ဘောဒီးယားတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်မှုအတွက် သေဒဏ်ချမှတ်သည့် ဥပဒေမရှိသော်လည်း တရားမဝင် မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ပို၍ ကူးသန်းရောင်းဝယ်ပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


