ဖေဖော်ဝါရီ ၂၀

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံနီးပါးတန်ဖိုးရှိ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်းများ တင်ပို့ခဲ့ရာ ယခင်နှစ် အလားတူလက တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ယမန်နေ့ကထုတ်ပြန်သော တရားဝင်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၁ ဘီလီယံတန်ဖိုးရှိ အဝတ်အထည်များကို တင်ပို့ခဲ့ရာ ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပြီး အမေရိကန်ဒေါ်လာ ၁၉၆ ဒသမ ၆ သန်းတန်ဖိုးရှိ ဖိနပ်များကို နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ခဲ့ရာ ၁၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။

ထို့အပြင် အမေရိကန်ဒေါ်လာ ၁၈၈ သန်းနှင့်ညီမျှသော ခရီးသွားပစ္စည်းများနှင့် အိတ်များကို တင်ပို့ခဲ့ရာ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၆ ခုနှစ်တစ်လျှောက်လုံး တင်ပို့မှု ဆက်လက်မြင့်တက်နေဖွယ်ရှိပြီး ပြင်ပဝယ်လိုအားနှင့် တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု ကမ္ဘောဒီးယားသိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ တရုတ်-အာဆီယံ လေ့လာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး သွန်မန်ဒေးဗစ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အထည်အလိပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းလုပ်ငန်းသည် ကမ္ဘောဒီးယား၏ အကြီးမားဆုံး နိုင်ငံခြားငွေရှာဖွေပေးသည့်လုပ်ငန်းဖြစ်ပြီး နိုင်ငံ၏စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းပညာဝန်ကြီးဌာန၏ ပြောကြားချက်အရ လက်ရှိတွင် စက်ရုံနှင့် ဌာနခွဲပေါင်း ၁၅၀၀ ကျော်ရှိကာ အလုပ်သမား ၉၀၀၀၀၀ ကျော်ကို အလုပ်ခန့်ထားပြီး အများစုသည် အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို