ဇန်နဝါရီ ၂၉

ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်းဆီရမ်ယိပြည်နယ်မှ အသက် ၆၉နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရသူတစ်ဦးထပ်မံတွေ့ရှိခြင်းသည် ယခုနှစ်အတွင်း ဒုတိယမြောက် တွေ့ရှိခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအမျိုးသားတွင် ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ပိုးတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးအမျိုးသားအဖွဲ့အစည်းက ဇန်နဝါရီ  ၂၇ ရက်က အတည်ပြုခဲ့သည်။ ယင်းလူနာသည် လက်ရှိတွင် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။ ၎င်းတွင် ကြက်အကောင်ရေ ၅၀မှ ၆၀အထိရှိပြီး ထိုကြက်များသည် နောက်ပိုင်း လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်ခန့်က သေဆုံးသွားခဲ့ပြီးဖြစ်သည်။  ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့သည် ထိုရောဂါပိုးကူးစက်ခြင်း၏အရင်းအမြစ်ကိုစုံစမ်းစစ်ဆေးနေပြီး ရပ်ရွာအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရန်အတွက် ရောဂါကူးစက်မှုသံသယရှိသူ သို့မဟုတ် ရောဂါကူးစက်သူနှင့် ထိတွေ့မှုရှိသူများကို စစ်ဆေးလျက်ရှိကြောင်း ထိုဝန်ကြီးဌာနက ထပ်လောင်းပြောသည်။

ထိုအမျိုးသားသည် နိုင်ငံ၏အရှေ့တောင်ပိုင်းပရေဗန်ပြည်နယ်မှ အသက်သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့ရှိကြောင်း ဇန်နဝါရီ ၂၅ ရက်က အတည်ပြုခဲ့ပြီးနောက် ဒုတိယမြောက်တွေ့ရှိသည့် လူနာဖြစ်သည်။

၂၀၀၃ ခုနှစ်မှ ယနေ့အထိ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဖြင့် သေဆုံးသူ ၄၁ အပါအဝင်  ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၄ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို