ဖနောင်ပင်၊ နိုဝင်ဘာ ၉
ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရရှိသည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၉ ရက်က မြို့တော်ဖနောင်ပင်တွင် ကျင်းပခဲ့ရာ နိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် စည်းလုံးညီညွတ်စွာ နေထိုင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံသားများက ကတိပြုခဲ့သည်။
တက်ရောက်
အဆိုပါ အခမ်းအနားကို နိုင်ငံ၏ဘုရင် နိုရိုဒွန်ဆီဟာမိုနီဦးဆောင်၍ ကျင်းပခဲ့ပြီး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ခွန်ဆူဒရီ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆေချွန်နှင့် ဝန်ကြီးချုပ် ဟွန်မာနက်တို့ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဘုရင်ဆီဟာမိုနီက လွမ်းသူ့ပန်းခွေချကာ လွတ်လပ်ရေး ကျောက်တိုင်၌ အောင်ပွဲခံမီးတိုင်ကို ထွန်းညှိ၍ ပြင်သစ်ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီး ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ခြင်းကို ဂုဏ်ပြုခဲ့သည်။
လွတ်လပ်ရေး ကျောက်တိုင်တွင် အခမ်းအနားကျင်းပပြီးနောက် ဘုရင်နှင့် ဝန်ကြီးချုပ်တို့သည် တော်ဝင်နန်းတော် ရှေ့ဘက်သို့မော်တော်ယာဉ်များဖြင့် ချီတက်ခဲ့ကြပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စုဝေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ငြိမ်းချမ်း ရေး၊ လုံခြုံရေး၊ နိုင်ငံရေးတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အားလုံးတွင် အောင်မြင်မှုများ အပြည့်အဝခံစားနေရချိန် လက်ရှိ၌ လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း ဆီဟာမိုနီက ပြောကြားခဲ့သည်။
“ဒီလိုထူးခြားတဲ့ အခါသမယမှာ အလွှာပေါင်းစုံက ကမ္ဘောဒီးယား နိုင်ငံသားတွေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ခေါင်မိုးအောက်မှာ တညီတညွတ်တည်း စည်းစည်းလုံးလုံးနဲ့ အမိမြေကို ကာကွယ် တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံသည်ရာစုနှစ်တစ်ခုနီးပါး ပြင်သစ်နိုင်ငံ၏ ကိုလိုနီပြုခံရပြီးနောက် လက်ရှိဘုရင်၏ ခမည်းတော် နိုရိုဒွန် သီဟာနု လက်ထက်တွင် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။
“ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် ဆီဟာမိုနီရဲ့ ဦးဆောင်မှုအောက်မှာ စည်းလုံးညီညွတ်စွာနဲ့ တိုင်းပြည်ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကတိပြုပါတယ်” ဟု ဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားအပြီးတွင် လွတ်လပ်ရေးနှင့် လွတ်လပ်မှု၏ သင်္ကေတအဖြစ် ခိုငှက်များနှင့် မီးပုံးပျံများကို လွှတ်တင်ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ