နိုဝင်ဘာ ၃၀

 

ကမ္ဘောဒီးယားနိုင်ငံရှိ မြို့တော်ဖနွမ်ပင်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ကာလရှည်ကြာရပ်နားထားခဲ့ရသော ကာရာအိုကေခန်းများ၊ နိုက်ကလပ်များနှင့် ဘားဆိုင်များအားလုံး ပြန်လည်ဖွင့်လှစ်ရန် ယနေ့တွင် ခွင့်ပြုခဲ့သည်။

 

ကာရာအိုကေခန်းများ၊ နိုက်ကလပ်များနှင့် ကပွဲများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ဖနွမ်ပင်အုပ်ချုပ်ရေးမှူး Khuong Sreng က ပြောကြားသည်။

 

လုပ်ငန်းရှင်များအနေဖြင့် လာရောက်သူများအား အပူချိန်တိုင်းခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များကို စစ်ဆေးရန် ဆိုင်ဝန်ထမ်းများအားမှာကြားထားပြီး ကိုဗစ်-၁၉ ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများကို ပြည့်ပြည့်ဝဝလိုက်နာရမည်ဟု ၎င်းကဆိုသည်။

 

နိုင်ငံတစ်ဝန်းရှိ လူအများစုသည်ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ရောဂါကူးစက်မှုအရေအတွက် သိသိသာသာကျဆင်းလာသဖြင့် ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်လာခြင်း ဖြစ်သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီတွင် စတင်လုပ်ဆောင်ခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၉ ရက်နေ့အထိ အသက် ငါးနှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထက်မနည်းထိုးနှံမှုခံယူပြီးသူ ၁၄ ဒသမ ၁၃ သန်းရှိသည်ဟု ဆိုသည်။

 

၎င်းတို့အနက် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှုခံယူပြီးသူ ၁၃ ဒသမ ၃၂ သန်း ရှိပြီး ကိုဗစ်အားဖြည့် ကာကွယ်ဆေးထိုးနှံပြီးသူ ၂ ဒသမ ၂၅ သန်းရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၂၀၁၃၄ ဦးအထိ ရှိကြောင်း နှင့် ထိုရောဂါကူးစက်မှုကြောင့် ငါးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၂၉၄၀ အထိရှိလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို