ဖနောင်ပင် ဇွန် ၉
ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်းတွင် ဦးစားပေးအုပ်စုများအတွက် ပဉ္စမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို ယနေ့မှစတင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒင်း က ပြောကြားသည်။
အဆိုပါဦးစားပေးအုပ်စုများတွင် အစိုးရခေါင်းဆောင်များ၊ အထက်လွှတ်တော်အမတ်များနှင့် ပါလီမန်အမတ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အစိုးရအရာရှိများ၊ အရပ်ဘက်ဝန်ထမ်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ သက်ကြီးရွယ်အိုများ၊ သံရုံးဝန်ထမ်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် ထင်ရှား ကျော်ကြားသူများပါဝင်သည်။
"ကာကွယ်ဆေးဟာ ကိုဗစ်-၁၉ ရောဂါမှ သင့်အသက်ကို ကာကွယ်ဖို့ အစွမ်းအထက်ဆုံးကိရိယာဖြစ်ပါတယ်" ဟု ဝန်ကြီးက မြို့တော် ဖနောင်ပင်ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ သွားရောက်လည်ပတ်စဉ် သတင်းထောက်များအား ပြောကြားသည်။
ကာကွယ်ဆေးအပိုဆောင်ထိုးနှံမှုသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် သင်၏ ခုခံအားကို ကောင်းမွန်စေမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ကာကွယ်ဆေးထိုးနှံရန် သင့်အလှည့်ရောက်လျှင် အပိုဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လာရောက်ထိုးနှံကြပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။
ပဉ္စမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ခံယူခဲ့ပြီးနောက် သုံးလကြာပြီးမှ ထိုးနှံနိုင်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် နောက်ဆုံးကိုဗစ်-၁၉ ရောဂါလူနာရောဂါမှ ပြန်လည်ကျန်းမာလာခဲ့ပြီးနောက် ဇွန် ၇ ရက်မှ စ၍ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်လာကြောင်း သိရသည်။
လူဦးရေ ၁၆ သန်းခန့်ရှိသည့် ကမ္ဘောဒီယားနိုင်ငံတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးသူ ၁၅ သန်း သို့မဟုတ် လူဦးရေ၏ ၉၄ ရာခိုင်နှုန်းခန့်ရှိပြီး လူဦးရေ ၁၄ ဒသမ ၃ သန်း သို့မဟုတ် ၈၉ ဒသမ ၄ ရာခိုင်နှုန်းခန့်သည် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ဖြစ်သည်။
ထို့အပြင် လူဦးရေ ၉ ဒသမ ၂၈ သန်း သို့မဟုတ် လူဦးရေ၏ ၅၈ ရာခိုင်နှုန်းသည် တတိယအကြိမ် အပိုဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ကျန် ၂ ဒသမ ၆ သန် သို့မဟုတ် လူဦးရေ၏ ၁၆ ရာခိုင်နှုန်းခန့် သည် စတုတ္ထအကြိမ် အပိုဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုနှံမှုခံယူခဲ့ပြီးဖြစ်ကြောင် သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ