ဖနောင်ပင် ဇူလိုင် ၁၀
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၇၀၀၀ ခန့်ရှိပြီး ယမန်နှစ် အလားတူကာလအတွင်း ဖြစ်ပွားမှုအရေအတွက်နှင့် တူညီကြောင်း ကျန်းမာရေးအရာရှိ တစ်ဦးက ယနေ့ ပြောကြားသည်။
သို့သော် ယမန်နှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း သေဆုံးသူအရေ အတွက်သည် ၂၃ ဦးရှိခဲ့ရာမှ ယခု နှစ် အဆိုပါကာလအတွင်း ၁၅ ဦးအထိ လျော့ကျခဲ့ကြောင်း အမျိုးသားငှက်ဖျားရောဂါထိန်းချုပ်ရေး ဗဟိုဌာန ဒါရိုက်တာ ဟွေရီကော် က ပြောသည်။
ထို့ပြင် ယခုနှစ်သေဆုံးသူများတွင် ကလေးငယ်အများဆုံးပါဝင်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။
အုပ်ထိန်းသူများသည် သွေး လွန်တုပ်ကွေးရောဂါကူးစက်ခံစားနေရသည့် ကလေးငယ်များကို ဆေးရုံသို့ အချိန်နောက်ကျမှ ပို့ဆောင်ခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မိဘများ သို့မဟုတ် တရားဝင် အုပ်ထိန်းသူများအနေဖြင့် ၎င်းတို့ ၏ ကလေးများကို သွေးလွန်တုပ် ကွေးရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ၄၈ နာရီအတွင်း ကျန်းမာရေးဌာန သို့မဟုတ် ပြည်နယ်ဆေးရုံများသို့ ပို့ဆောင် သင့်ကြောင်း ဟွေရီကော်က ဆက်လက်ပြောသည်။
နေအိမ်ပတ်ဝန်းကျင်ရှိ ရေမြောင်းများနှင့် ဗွက်အိုင်များသည် ခြင်ပေါက်ဖွားရာအဓိကနေရာများ ဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
သွေးလွန်တုတ်ကွေးရောဂါသည် အေဒီးစ် (Aedes) ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး ရောဂါကူးစက်ခံရပါက ခေါင်းကိုက်ခြင်း၊ အဖျား ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပြင်းထန်စွာ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ ဂလင်း များ ရောင်ရမ်းခြင်း၊ အော့အန်ခြင်းနှင့် အနီအစက်အပျောက်များ ထွက်ပေါ်လာခြင်း စသည့် လက္ခဏာများ ခံစားရမည်ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးကာလသည် မေလမှ အောက်တိုဘာလအထိ မိုးရာသီကာလဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် ဧပြီလနှောင်းပိုင်းမှစတင်၍ ကူးစက်မှုမြင့်တက်လာပြီး မိုးရွာသွန်း မှုကြောင့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးပြောကြား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်