ဖနောင်ပင်   မတ်    ၁၅

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ ဘန်တေမီချန် ပြည်နယ်၌ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရကြောင်း ယမန်နေ့က စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရောဂါကူးစက်မှုသည် ယခုနှစ်အတွင်း ဒုတိယမြောက် ကူးစက်ခံရသူ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါအမျိုးသမီးတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရကြောင်း အမျိုးသား ကျန်းမာရေးသိပ္ပံက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါအမျိုးသမီးသည် ကြက်နှင့် ဘဲများကို မွေးမြူခဲ့ကြောင်း စုံစမ်းသိရှိရပြီး ၎င်း၏ကြက်အချို့မှာ နာမကျန်းဖြစ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော ကြက်များနှင့် တိုက်ရိုက်ထိတွေ့ပြီးနောက် သုံးရက်အကြာတွင် ၎င်းသည် H5N1 ရောဂါပိုးကူးစက်ခံထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးအာဏာပိုင်များသည် ရောဂါပိုးကူးစက်ခြင်း၏ အရင်းအမြစ်ကို ရှာဖွေနေပြီး သံသယရှိသူ သို့မဟုတ် အနီးကပ်ထိတွေခဲ့သူများတွင် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် စစ်ဆေးမှုများပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဖေဖော်ဝါရီလလယ်ပိုင်းက ကမ်ပေါ့ပြည်နယ် အနောက်တောင်ပိုင်းမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရကြောင်း ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့သည်။

H5N1 တုပ်ကွေးရောဂါသည် ဖျားနာသော ကြက်များအကြားတွင် ပုံမှန်အားဖြင့် ကူးစက်လေ့ရှိသော တုပ်ကွေးဖြစ်ပြီး   တစ်ခါတစ်ရံ ကြက်မှ လူသို့ ကူးစက်နိုင်သည်။

 ရောဂါလက္ခဏာများမှာ  ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပါဝင်သည်။   

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်