ဖနောင်ပင် မတ် ၁၄
ကမ္ဘောဒီးယားနိုင်ငံ၌ မွေးကင်းစ လင်းပိုင်အရေအတွက် ယခုနှစ်တွင် နှစ်ကောင်အထိ တိုးလာခဲ့ ကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။
ငါးဖမ်းလုပ်ငန်းအုပ်ချုပ်ရေး အဖွဲ့နှင့် World Wide Fund for Nature မှ သုတေသနအဖွဲ့က မဲခေါင်ဧရာဝတီလင်းပိုင် မွေးကင်းစများကို ကာရာတီပြည်နယ် အရှေ့မြောက်ဘက် ချီတာဘိုရိုင် ခရိုင်ရှိ ကမ်ပီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးနေရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ လင်းပိုင်ငယ်များသည် ကျန်းမာသန်စွမ်းပြီး လင်းပိုင်ခုနစ်ကောင်နှင့်အတူ ကူးခတ်နေ သည်ကို တွေ့မြင်ခဲ့ရကြောင်းနှင့် ၎င်းတို့သည် ၂၀၂၆ ခုနှစ်တွင် မွေးဖွားသည့် လင်းပိုင်များဖြစ် ကြောင်း အဆိုပါသုတေသီ အဖွဲ့က ပြောကြားသည်။
မဲခေါင်ဧရာဝတီလင်းပိုင်များကို ၂၀၀၄ ခုနှစ်မှစတင်၍ မျိုးတုံးပျောက်ကွယ်တော့မည့် မျိုးစိတ် များစာရင်းတွင် ထည့်သွင်းခဲ့သည်။
လက်ရှိအချိန်အထိ မဲခေါင်မြစ်၏ အဓိက မြစ်ကြောင်းတစ်လျှောက်တွင် ဧရာဝတီလင်းပိုင် ၁၁၄ ကောင်ခန့်ရှိကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


