ဇူလိုင် ၁၀

 

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၇၀၀၀ ခန့်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ယနေ့တွင်ပြောကြားသည်။

 

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အရေအတွက်သည် လွန်ခဲ့သောနှစ်အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အရေအတွက်နှင့် တူညီသည်ဟု သိရသည်။

 

လွန်ခဲ့သောနှစ်ဇန်နဝါရီလမှ ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့်သေဆုံးသူ ၂၃ ဦးရှိရာ ယခုနှစ်အလားတူကာလအတွင်း ယင်းရောဂါဖြင့်သေဆုံးသူ ၁၅ ဦးသာရှိသဖြင့် သေဆုံးသူဦးရေလျော့ကျလာကြောင်း ကပ်ပါးဗေဒ၊ ပိုးမွှားဗေဒနှင့် ငှက်ဖျားရောဂါထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုဌာန၏ညွှန်ကြားရေးမှူးက ပြောကြားသည်။

 

ယခုနှစ်လက်ရှိအချိန်အထိ ယင်းရောဂါဖြင့်သေဆုံးသူအားလုံးသည် ကလေးငယ်များဖြစ်သည်ဟု ၎င်းကဆိုသည်။ အဆိုပါရောဂါဖြင့် သေဆုံးသူများသည် ဖျားနာမှုဖြစ်ပွားပြီး ဆေးရုံသို့နောက်ကျမှ ရောက်ရှိလာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဖြစ်ပွားသည်ဟု သံသယရှိပါက မိဘများအနေဖြင့် ဖျားနာမှုရှိသော၎င်းတို့၏ ကလေးများကို ၄၈ နာရီအတွင်း ကျန်းမာရေးစင်တာများ သို့မဟုတ် ပြည်နယ်ဆေးရုံများသို့ ပို့ဆောင်သင့်သည်ဟု ၎င်းကပြောကြားသည်။

 

သွေးလွန်တုပ်ကွေးရောဂါသည် နေ့ခင်းဘက်တွင်ကိုက်သည့် အေးဒီစ်ခြင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ ထိုရောဂါဖြစ်ပွားပါက ဖျားနာမှုပြင်းထန်ပြီး ခေါင်းကိုက်ခြင်း၊ အဖျား ၄၀ ဒီဂရီစင်တီဂရိတ်အထက်ရှိခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များနာကျင်ခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ အော့အန်ခြင်းနှင့် အဖုအပိမ့်များထွက်ခြင်းကဲ့သို့သော နောက်ဆက်တွဲ လက္ခဏာများခံစားရလေ့ရှိသည်။

 

မိုးရာသီကာလဖြစ်သော မေလမှအောက်တိုဘာလအတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို