ဇူလိုင် ၇
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၆၆၈ ဦးရှိရာ လွန်ခဲ့သောနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၂ ဒသမ ၇ ရာခိုင်နှုန်းပိုမိုများပြားကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှဇွန်လအတွင်း ထိုရောဂါဖြစ်ပွားမှုကြောင့် ၁၀ ဦးသေဆုံးခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလက ယင်းရောဂါဖြင့် ခုနစ်ဦးသေဆုံးမှုနှင့်နှိုင်းယှဉ်ပါက သေဆုံးမှုအနည်းငယ်မြင့်မားခဲ့သည်ဟု အမျိုးသားငှက်ဖျားရောဂါ ကာကွယ်ရေးစင်တာ ဒုတိယညွှန်ကြားရေးမှူးနှင့် အမျိုးသားသွေးလွန်တုပ်ကွေးပရိုဂရမ်မန်နေဂျာ လင်းရေတာက သတင်းထောက်များကို ပြောကြားသည်။
မြို့တော်ဖနောင်ပင်နှင့် ကန်ဒယ်လ်၊ တီဘောင်ခါမမ်၊ ဘန်တေမန်ချေနှင့် စီအမ်ရိပြည်နယ်များတွင် ထိုရောဂါဖြစ်ပွားမှု အရေအတွက်အများဆုံးဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင် ၂၀၁၉ ခုနှစ်က ယင်းရောဂါဖြစ်ပွားသူ ၆၀၀၀၀ ကျော်ရှိပြီး ၎င်းရောဂါဖြင့် လူ ၄၀ ကျော် သေဆုံးခဲ့သည်။
သွေးလွန်တုပ်ကွေးသည် အိဒီးစ် Aedes ခြင်ကိုက်ခံရမှုမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ ထိုရောဂါသည် အများအားဖြင့် ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ ဂလင်းများ ရောင်ရမ်းခြင်း၊ အော့အန်ခြင်းနှင့် အဖုများပေါက်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများ၏ နောက်ဆက်တွဲအဖြစ် ပြင်းထန်သောဖျားနာမှုကို ဖြစ်ပွားစေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို